မော်ဒန်ခေတ်၏ အဓိကကျသော ကဗျာဆရာ တစ်ဦးဖြစ်သည့် မောင်ချောနွယ်က သူ၏ ကဗျာတစ်ပုဒ်တွင် “ဘောလုံးသမား မာရာဒိုနာဟာ ဂိုးတွေကို မှော်နဲ့ သွင်းခဲ့တာပေါ့ကွာ”ဟု ရေးခဲ့ဖူးသည်။ မောင်ချောနွယ် ရည်ညွှန်းခဲ့သည့် “မှော်”ဟူသည် အဘယ်နည်း။အမှန်တကယ်၌ မာရာဒိုနာ၏ လှပသေသပ်သော ဂိုးများသည် မိမိကိုယ်မိမိ ယုံကြည်မှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မာရာဒိုနာ၏ အံ့ဘနန်းဘောလုံး မှော်စွမ်းကို ဘောလုံးပရိသတ်များ အံ့မခန်း ဖြစ်ခဲ့ရဖူးသည်။ သို့သော် လေထီးကို ခါးမှာချည်ကာ ပြေးလွှားလေ့ ကျင့်သည်အထိ အားထုတ်ခဲ့မှုများကို သတိပြုမိသူ နည်းပါးနေသည်။ မိမိကိုယ်မိမိ ယုံကြည်မှုတွင် အထပ်ထပ် သင်ယူလေ့ကျင့်မှုနှင့် ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် သင်ခန်းစာယူနိုင်မှုတို့က တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ မည်သို့ပင်ဆိုစေကာမူ မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးနေသူတစ်ဦးသည် အောင်မြင်မှုနှင့် အလှမ်းကွာဝေးနေပေလိမ့်မည်။မိမိ၏ လုပ်ဆောင်နိုင်စွမ်း၊ အရည်အချင်းနှင့် ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့အပေါ် ယုံကြည်စိတ်ထားရှိခြင်းကို “မိမိကိုယ်မိမိ ယုံကြည်မှု” (Self - confidence) ဟုခေါ်သည်။ “မိမိ၏ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းအပေါ် ယုံကြည်မှု” (Self - efficacy) နှင့် “မိမိကိုယ်မိမိ အထင်ကြီးမှု” (Self - esteem) တို့ ပေါင်းစပ်ထားသော မိမိကိုယ်မိမိ ယုံကြည်မှုသည် လူသားဘဝ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်ဟု ဆိုနိုင်သည်။ Self - efficacy သည် ဘဝတစ်လျှောက် လုပ်ငန်းတာဝန်အမျိုးမျိုး သို့မဟုတ် ရည်မှန်းချက်အမျိုးမျိုးကို အောင်မြင်ပေါက်မြောက်အောင် လုပ်ဆောင်နိုင်သည်ဟု စိတ်၏ နက်ရှိုင်းသော အပိုင်း၌ရှိနေသော အာရုံသိစိတ် သို့မဟုတ် ယုံကြည်ချက်ဖြစ်သည်။ Self - esteem သည် Self - efficacy နှင့် ဆင်တူသော်လည်း မိမိတို့ လုပ်ကိုင်သည့်အရာ၌ ကျွမ်းကျင်ပြည့်စုံသည်ဟူသည့် မိမိတို့ ဘဝ၌ ပျော်ရွှင်မှုနှင့် ထိုက်တန်သည်ဟူသည့် ယုံကြည်မှုနှင့် ပိုမိုပတ်သက်နေသည်။မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ဦးထံ၌ အထွေထွေသဘောအရ မိမိကိုယ်တိုင်ကိုယ် မိမိ နှစ်သက်ခြင်း၊ ပုဂ္ဂိုလ်ရေးရာ သို့မဟုတ် လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာ၌ စွန့်စားမှုပြုလုပ်ရန် ဆန္ဒရှိခြင်းနှင့် အနာဂတ်နှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် အတွေးများရှိခြင်းတို့ကို တွေ့ရသည်။ မိမိကိုယ်မိမိ ယုံကြည်မှု ချို့တဲ့သူတစ်ဦးထံ၌ မိမိ၏ ရည်မှန်းချက်များအား မိမိအနေဖြင့် ရယူနိုင်မည်မဟုတ်ဟု ခံစားရခြင်းနှင့် မိမိကိုယ်တိုင်အပေါ်၌ လည်းကောင်း ဘဝတွင် မိမိရယူရန် မျှော်လင့်ထား သည့် မျှော်လင့်ချက်များအပေါ်၌ လည်းကောင်း အနုတ်လက္ခဏာသဘော ဆောင်သော အမြင်များဖြစ်ပေါ်လာခြင်းတို့ကို တွေ့ရှိရသည်။ မိမိကိုယ်မိမိ ယုံကြည်မှုဟူသည် မိမိကိုယ် မိမိ တည်ဆောက်ယူနိုင်သည့်အရာ ဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုပျက်ပြားသွားသူ တစ်ဦးသည် မျှော်လင့်ချက် လုံးဝကုန်ခန်းသွားသည့်ဘဝသို့ ရောက်ရှိကာ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုဆီသို့ပင် ဦးတည်သွားနိုင်သည်။မိမိကိုယ်မိမိ ယုံကြည်မှုသည် လူတစ်ဦး၏ လူမှုဆက်ဆံရေးကွန်ရက်၊ ၎င်းပါဝင်သည့် လုပ်ဆောင်မှုများ၊ အခြားသူများ မိမိအကြောင်း ပြောကြသည်ကို ကြားသိရမှုများနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်။ မိမိကိုယ်မိမိ အထင်ကြီးမှုကို မြှင့်တင်ပေးသည့် အကြောင်းခြင်းရာများထဲတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ အခြားသူများ၏ မိမိအပေါ် အထင်အမြင်များ၊ မိမိ၏ ရုပ်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့လည်း ပါဝင်သည်။ အရွယ်ရောက်ချိန်တွင် မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးခြင်းသည် ဘဝ၏ နောက်ပိုင်းအချိန်များ၌ ဆိုးရွားသော အမူအကျင့်များနှင့် မိမိကိုယ်မိမိ သေကြောင်းကြံနိုင်ဖွယ်ရှိမှုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြေကို မြင့်တက်စေသည်။မည်သို့ပင်ဆိုစေကာမူ လူသားတစ်ဦးအတွက် မိမိကိုယ်မိမိ ယုံကြည်မှုရရှိရန် မိမိကိုယ်မိမိ တည်ဆောက်ရေးသည် ဘဝ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီလ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)








