လူတိုင်းလူတိုင်း မွေးဖွားလာပြီးပါက သေဆုံးကြရမည်သာ ဖြစ်သည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဟူသည့် အမှတ်နှစ်ခုကြား မျဉ်းတစ်ကြောင်းကို ဘ၀ ဟုခေါ်ဆိုသည်။ ယင်းဘဝသည် လူတစ်ယောက် မည်ကဲ့သို့ အသက်ရှင်နေထိုင် ခဲ့သနည်း ဟူသည်ကို ကိုယ်စားပြုသည်။ လူသည် မွေးလာကတည်းက မည်ကဲ့သို့သောလူ ဖြစ်လာမည်နည်း ဟူသည့် အဓိပ္ပာယ် သတ်မှတ်ချက်များ ပါရှိလာခြင်း မရှိပါ။ မိမိ၏ လုပ်ရပ်များကသာ မိမိကို မည်ကဲ့သို့သောလူ ဖြစ်သနည်းဟု အဓိပ္ပာယ် သတ်မှတ်သည်။ လူတစ်ဦး၏ တန်ဖိုးကို ထိုသူအသက်ရှင် နေထိုင်ခဲ့ပုံ သို့မဟုတ် ထိုသူ၏ လုပ်ရပ်များက ပြဋ္ဌာန်းသည်။ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူများ ကွယ်လွန်သွားသည့်အခါ "အသေစောလို့ နှမြောလှချေရဲ့" ဟုဆိုကာ လူအများ တသသ ဖြစ်ကျန်ခဲ့သောကြောင့် လူသေသော်လည်း နာမည်မသေသည့် ပုဂ္ဂိုလ်များရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုကဲ့သို့သော လူမျိုးဖြစ်သည်။
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် နတ်မောက်မြို့၌ မွေးဖွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူ တစ်ရပ်လုံး၏ လွတ်မြောက်ရာလမ်းကို ဦးဆောင်ကာ ဖော်ဆောင်ခဲ့သူဖြစ်သည်။ အများပြည်သူ အကျိုးအတွက် တရားမျှတမှု အတွက် မကြောက်မရွံ့ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကိုယ်တိုင်က "အမှန်စင်စစ် ယခုအချိန်အထိ လူထုကြီး၏ရှေ့တွင် ကျွန်တော် မားမားမတ်မတ် ရပ်နေနိုင်ခြင်းမှာလည်း ကျွန်တော် တော်လှ၍ မဟုတ်ပါ။ လူထုလွတ်လပ်ရေးအတွက် လမ်းမှန်ပေါ်ပေါက်လာသည့် အခါတိုင်းတွင် အသက်စွန့်ရမည်ကို မကြောက်၊ ကဲ့ရဲ့ရှုတ်ချ ခံရမည်ကိုလည်း မတုန်လှုပ်ဘဲ ဟုတ်တိုင်း မှန်ရာကို ကျွန်တော်ကိုယ်တိုင် ရွပ်ရွပ်ချွံချွံ ခေါင်းဆောင်၍ လုပ်ပြခဲ့သောကြောင့်ပင် ဖြစ်ကြောင်းကို တိုင်းပြည်လူထု အသိပင်ဖြစ်သည်" ဟု ဆိုခဲ့ဖူးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ များပြားလှသော ခေါင်းဆောင်ကောင်း အရည်အချင်းများထဲမှ တစ်ခုကို နမူနာပြရလျှင် အစစအရာရာ၌ တရားမျှတမှု ရှိခြင်းဖြစ်သည်။ မိမိကလည်း သူများအပေါ်တွင် တရားမျှတမှု ရှိရမည်။ သူတစ်ပါး မတရားမှု ပြုပါကလည်း မိမိစွမ်းအား ရှိသလောက် ကြိုးစားကာ အမှန်တရားသို့ ရောက်အောင် ဖော်ထုတ်ပြုပြင်ရမည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ခံယူထားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူကိုယ်တိုင်လည်း မတရားမှုကို မပြု။ သူတစ်ပါး မတရားမှုပြုသည်ကို တွေ့လျှင်လည်း သူ့၌စွမ်းအားရှိသမျှ ပြင်းပြင်းထန်ထန် ဖော်ထုတ်ပြုပြင်ရန် မည်သည့်အခါမျှ လက်မနှေးခဲ့ပေ။
"ပထမဦးဆုံး အနေနဲ့ ကိုယ်လုပ်မယ့် အလုပ်မှာ မှန်ကန်မှု (တရားမှု) သာရှိပါစေ။ အဲဒီကနေပြီးတော့ ဘယ်သူ့ကိုမှ မကြောက်ရွံ့ဘဲ ဒွိဟကင်းကင်းနဲ့ ဆက်သာ လုပ်သွားပေတော့။ အရေးကြီးဆုံး အနေနဲ့ကတော့ မိမိလုပ်တဲ့ဟာကို လူအများစုက လိုလိုချင်ချင်နဲ့ လက်ခံနိုင်ဖို့ပဲ ဖြစ်တယ်။ ဒီလိုမှန်ကန်တဲ့ ကိစ္စကို မှန်ကန်တဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ လူနည်းစုက သူတို့ရဲ့ အကျိုးကို ထိခိုက်နေလို့ ခင်ဗျားကို ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ ခင်ဗျားကို မကြိုက်တဲ့တိုင်အောင် သူတို့ဟာ တကယ့် တကယ်ဆိုတော့ ခင်ဗျားဟာ အမှန်တရားကိုသာ ရှေးရှုနေလို့ သူတို့စိတ်ထဲကတော့ ကျိတ်ပြီး ခင်ဗျားအပေါ်မှာ ချီးကျူးမိကြမှာ အမှန်ပဲ။ ဒါဟာ ကျွန်တော့် ကိုယ်တွေ့ပဲ" ဟု ဗိုလ်ချုပ်အောင်ဆန်းက အမြဲပြောလေ့ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ရန်ကုန်တက္ကသိုလ် ကတည်းက ခင်မင်ရင်းနှီးကာ လွတ်လပ်ရေး ကြိုးပမ်းရာ၌လည်း ရဲဘော်ရဲဘက် တစ်ဦးအဖြစ် ပူးတွဲလုပ်ကိုင်ခဲ့သူ သံအမတ်ကြီးဟောင်း ဦးမြစိန်က ဖော်ပြခဲ့ဖူးသည်။
ထို့ကြောင့် လူတို့သည် မွေးဖွားလာပြီးပါက သေဆုံးရမည်သာ ဖြစ်သော်လည်း မည်သို့ မည်ပုံ နေထိုင်ခဲ့သနည်းဟူသည့် အချက်က အရေးကြီးပြီး တရားမျှတသော လူတစ်ယောက်အဖြစ် နေထိုင်ခဲ့ခြင်းသည်သာ အဓိပ္ပာယ်ရှိသော နေထိုင်ခြင်းတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်








