အင်စတီကျူးရှင်း တစ်ခုကို တည်ဆောက်ခြင်း

အင်စတီကျူးရှင်း တစ်ခုကို တည်ဆောက်ခြင်း
Published 9 February 2016

လူသားတို့၏ တစ်ဦးချင်း ဘဝများနှင့် ရည်ရွယ်ချက်များထက် သာလွန်ကောင်းမွန်အောင် လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်၊ ရေရှည်တည်တံ့မှုတို့ဖြင့် လည်းကောင်း၊ စည်းမျဉ်းများဖြင့် အုပ်ထိန်းသော လူသားတို့၏ ပူးပေါင်းဆောင်ရွက်တတ်သည့် အမူအကျင့်ကို  ချမှတ်အကောင်အထည် ဖော်မှုဖြင့်လည်းကောင်း အင်စတီကျူးရှင်းများကို အမျိုးအမည် သတ်မှတ်သည်။ "လူတစ်ဦးချင်းသည် လူ့အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်သော်လည်း အင်စတီကျူးရှင်းများကသာ နိုင်ငံတစ်နိုင်ငံကို ဖန်တီးနိုင်သည်" ဟု ဗြိတိသျှ နိုင်ငံရေးသမားနှင့် စာရေးဆရာ ဘင်ဂျမင်ဒစ္စရယ်လီ (၁၈၀၄-၁၈၈၁) က ဆိုသည်။
အင်စတီကျူးရှင်း တစ်ခုကို ဦးဆောင်မှုသည် လုပ်ငန်းတာဝန် တစ်ရပ်သာမဟုတ် တာဝန်သိစိတ် တစ်ရပ်လည်းဖြစ်သည်။ သြစတြီးယားနိုင်ငံဖွား အမေရိကန်နိုင်ငံသား စီမံခန့်ခွဲရေး အကြံပေး၊ ပညာပေးသူနှင့် စာရေးဆရာပီတာဒရက်ကာ (၁၉၀၉-၂၀၀၅) က "အကျိုးအမြတ် ရယူခြင်းမရှိတဲ့ အင်စတီကျူးရှင်းတွေ အနေနဲ့ စီးပွားရေး လုပ်ငန်းတွေထက် စီမံခန့်ခွဲမှု ပိုပြီးလိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေပိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေ ချို့တဲ့လို့ပါပဲ" ဟု ခပ်ပြတ်ပြတ် ပြောခဲ့သည်။ ရှေ့သို့သွားမည့် လမ်းကြောင်းကို အမြင်များ မျှဝေခြင်း၊ အကောင်အထည် ဖော်ရာ၌ စူးစိုက်မှု အားကောင်းခြင်း၊ ရလဒ်များ တိုင်းတာခြင်းနှင့် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ရှိခြင်းတို့ဖြင့် အင်စတီကျူးရှင်း တစ်ခုကို အုပ်ထိန်းရသည်။ ယင်းတွင် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုသည် အင်စတီကျူးရှင်း တည်ဆောက်မှုကို ခိုင်မာစေခြင်းနှင့် အင်စတီကျူးရှင်းအတွင်း တန်းတူညီမျှမှုကို အားပေးခြင်းတို့ကို ဖန်တီးရန် လမ်းခင်းပေးသည်။
အားကောင်းသော ဖွဲ့စည်းပုံဆိုင်ရာ မူဘောင်တစ်ရပ်၊ ယုံကြည်စိတ်ချရသော ဥပဒေစည်းမျဉ်းတစ်စုံ၊ ရှင်းလင်းပြတ်သားစွာ ချမှတ်ထားသော ရည်မှန်းချက် မှတ်တမ်းတစ်ရပ်၊ ပွင့်လင်းမြင်သာသော စံသတ်မှတ်ချက်တစ်ရပ်၊ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်သည့် ခိုင်မာအားကောင်းသော လုပ်ငန်းအဖွဲ့တစ်ရပ်နှင့် မဟာမိတ်ပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ပလက်ဖောင်းတစ်ရပ်၊ ရည်မှန်းချက် ပန်းတိုင်များကို ရယူရန် ရှင်းလင်းသည့် လုပ်ဆောင်ရမည့် နည်းလမ်းများ အစရှိသည်တို့ အားလုံးသည် ခေါင်းဆောင်တစ်ဦး အနေဖြင့် အင်စတီကျူးရှင်း ခိုင်မာအောင် တည်ဆောက်ရာ၌ ဖွဲ့စည်းပါဝင်သည့် အရာများ ဖြစ်ကြသည်။
အင်စတီကျူးရှင်း တစ်ခုသည် အတိတ်သမိုင်းပေါ် အခြေခံလျက် စုပေါင်းအနာဂတ်နှင့် ပတ်သက်သော စိတ်ကူးစိတ်သန်းများ တည်ဆောက်ရေးကို အားပေးရမည်ဖြစ်သည်။ အင်စတီကျူးရှင်းများသည် မိမိတို့ကိုယ်တိုင် လတ်ဆတ်သစ်လွင်အောင် ပြုလုပ်ရန်၊ အပြောင်းအလဲကို ကြိုဆိုရန်၊ ခံနိုင်ရည်ရှိရန်နှင့် အနာဂတ်အထိ ယုံကြည်စိတ်ချရမှုကို ထိန်းထားရန် လိုလားရမည်ဖြစ်သည်။ ထို့ကြောင့် အင်စတီကျူးရှင်း တစ်ခုသည် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲမှုဖြင့် တိုးတက်နေရမည်ဖြစ်သည်။ စုပေါင်းတာဝန်ယူမှု ရှိစေရန်၊ အနာဂတ် မျိုးဆက်များအတွက် စဉ်းစားရန်၊ လတ်ဆတ်သစ်လွင်စေသော အပြောင်းအလဲကို ဦးဆောင်ရန်နှင့် နှစ်ပေါင်းများစွာ ရရှိထားသော ယုံကြည်ကိုးစားခံရမှုကို ထိန်းသိမ်းရန်တို့သည် အင်စတီကျူးရှင်း ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍဖြစ်သည်။
အင်စတီကျူးရှင်း တစ်ခုကို ကောင်းစွာစီမံအုပ်ချုပ်ခြင်းသည် အဆင့်မြင့် ပရော်ဖက်ရှင်နယ်စိတ်ဓာတ် သွတ်သွင်းပေးရန်၊ ယုံကြည်ကိုးစားမှု ခိုင်မာလာစေရန်နှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် အားကောင်းစေရန်အတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ အင်စတီကျူးရှင်းတစ်ခု၏ ခေါင်းဆောင်သည် လက်ရှိမျိုးဆက်များ အတွက်သာမက အနာဂတ်မျိုးဆက်များ အတွက်ပါ အုပ်ထိန်းသူဖြစ်သည်။ ခေါင်းဆောင်သည် အလိုရှိသော ရလဒ်များ ထွက်ပေါ်လာအောင်နှင့် ခိုင်မာလာအောင် တွန်းအားပေးနေစဉ်မှာပင် ပွင့်လင်းမြင်သာမှုဖြင့် အုပ်ထိန်းရန် တာဝန်ရှိသည်။
မည်သို့ပင် ဆိုစေကာမူ အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းသည် နိုင်ငံကို တည်ဆောက်ခြင်း ဖြစ်သောကြောင့် အင်စတီကျူးရှင်းများ ခိုင်မာအားကောင်း လာစေရေးသည် နိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent