နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုအပ်

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရန် လိုအပ်
Published 4 February 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကျင်းပနေပြီ ဖြစ်သည်။ အစည်းအဝေး စတင်သည့်နေ့မှာပင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က "ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို လွှတ်တော် ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီတာဝန်ကြီးကို ကျွန်တော့် အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လင်းလာစေရန်၊ နိုင်ငံသားများရဲ့ အခြေခံ အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအား ထုတ်သွားမည် ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုပါတယ်" ဟု ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၀၂ ဦးအား သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူများမှာမူ ပြစ်ဒဏ်ကျခံနေရခြင်း မဟုတ်ဘဲ တရားရင်ဆိုင်နေရဆဲ ဖြစ်သည့်အတွက် မပါဝင်သေးကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။ သို့သော် ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က "ဦးမှူးဇော် ပြောတာကို ကျွန်မတို့ ဖတ်လိုက်ရပါတယ်။ ကျွန်မတို့က တရားရင်ဆိုင်နေဆဲ ဖြစ်တဲ့အတွက် လွှတ်ပေးလို့ မရတာပါဆိုတဲ့ သဘောကို တွေ့တယ်။ ရုတ်တရက် ကြည့်လိုက်ရင် အစိုးရအနေနဲ့ လွှတ်ပေးချင်ပါတယ်ဆိုတဲ့ သဘောကိုဆောင်တယ်။ တကယ်တမ်းပြောရရင် ကျွန်မတို့ကို မလွှတ်ပေးချင်လို့သာ အကြောင်းပြချက် တစ်ခုအနေနဲ့ ပေးတယ်လို့ပဲမြင်တယ်။ တကယ်တမ်းဆို အစိုးရက တရားစွဲထားတာ ဖြစ်တဲ့အတွက် ကျွန်မတို့ကို လွှတ်ပေးချင်ရင် အမှုကို ရုပ်သိမ်းတဲ့ပုံစံနဲ့ အချိန်မရွေး လွှတ်ပေးလို့ရပါတယ်ဆိုတာ အစိုးရအဖွဲ့ လူကြီးအနေနဲ့ အပြည့်အ၀ နားလည်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ယင်းနောက် ၂၀၁၅ ခုနှစ်အတွင်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်မှုကြောင့် မြို့နယ်အသီးသီးတွင် အမှုဖွင့်တရားစွဲဆို ခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒာစစ်အောင်တို့အား ဖေဖော်ဝါရီ ၃ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးနှင့် တာမွေမြို့နယ် တရားရုံးတို့၌ ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်တရားစွဲဆို ခဲ့ပြန်သည်။ ဖေဖော်ဝါရီ ၄ ရက်တွင်လည်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှု၌ သာယာဝတီတရားရုံး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် တရားရုံး အသီးသီးတွင် တရားစွဲဆို ခံထားရသည့် ဗကသကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းသွေးသစ်၊ ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို ခဲ့ပြန်သည်။
ယခုအခါ လွှတ်တော်အသီးသီးတွင် ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အများစုနေရာ ယူထားပြီဖြစ်သည်။ သို့သော် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့ကြသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် အခြားတက်ကြွ လှုပ်ရှားသူများကို လွှတ်ပေးခြင်း မရှိသည့်အပြင် ပုဒ်မများတိုးကာ ထပ်မံ၍ တရားစွဲဆိုမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ထို့ကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အသီးသီးအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ "လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လင်းလာစေရန်၊ နိုင်ငံသားများရဲ့ အခြေခံ အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုပါတယ်" ဟူသည့် ကတိအတိုင်း အများပြည်သူတို့အား နစ်နာစေသည့် ဥပဒေပုဒ်မများကို ပြင်ဆင်ဖယ်ရှားပေးရေးနှင့် ဆန္ဒပြကျောင်းသားများ၊ ဝန်းရံသူများနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတို့ အတွက် တွန်းအားပေး လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent