ပွင့်လင်းမြင်သာမှု (Transparency) ဟူသည့် ဝေါဟာရကို သိပ္ပံပညာ၊ အင်ဂျင်နီယာပညာ၊ စီးပွားရေးလုပ်ငန်း၊ လောကီရေးရာနှင့် အခြားသော လူမှုရေးဆိုင်ရာ အကြောင်းအရာများတွင် ပွင့်လင်းမှု၊ ဆက်သွယ်ရေးနှင့် တာဝန်ခံမှုတို့ကို ရည်ညွှန်းလျက် အသုံးပြုလေ့ရှိသည်။ ပွင့်လင်းမြင်သာမှုကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးနှင့် လူ့အဖွဲ့အစည်းတို့တွင် ကျင့်သုံးသည်။ အဖွဲ့အစည်းတစ်ရပ်၏ ဆုံးဖြတ်ချက်နှင့် မူဝါဒများကို သူ၏ဝန်ထမ်းများနှင့် ပြည်သူများ သို့မဟုတ် အနည်းဆုံး အချက်အလက်နှင့် သက်ဆိုင်သူများထံသို့ အသိပေးခြင်းဖြစ်သည်။
နိုင်ငံရေးတွင် ဆုံးဖြတ်ချက် ချမှတ်ခြင်းလုပ်ငန်းစဉ်ကို စစ်ဆေးရန် နည်းလမ်းများနှင့် ယင်းကဲ့သို့ ပြုလုပ်ပိုင်ခွင့်ကို ပွင့်လင်းမြင်သာမှုဟု ခေါ်သည်။ နိုင်ငံရေးလောက၌ ပွင့်လင်းမြင်သာမှုကို သက်ဆိုင်ရာ အာဏာပိုင်များ တာဝန်ခံမှုရှိစေရန်နှင့် ခြစားမှုကို တိုက်ဖျက်ရန်အတွက် အသုံးပြုသည်။ အစိုးရအဖွဲ့ အစည်းအဝေးများကို စာနယ်ဇင်းများနှင့် ပြည်သူများထံသို့ ပွင့်ပွင့်လင်းလင်း အသိပေးသည့်အခါ၊ အစိုးရအဖွဲ့၏ ဘတ်ဂျက်များကို မည်သူမဆို သုံးသပ်ခွင့်ရှိသည့်အခါ၊ အစိုးရအဖွဲ့၏ ဥပဒေများနှင့် ဆုံးဖြတ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သည့်အခါ ပွင့်လင်းမြင်သာမှုရှိသည်ဟု ခေါ်ဆိုသည်။ ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှု ရှိခြင်းကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် စနစ်ကို အလွဲသုံးစားလုပ်လျက် ၎င်းတို့ ကိုယ်ကျိုးစီးပွားအလို့ငှာ အသုံးပြုရန် အခွင့်အလမ်း နည်းသွားစေသည်။
ဥပမာအားဖြင့် စစ်ဘက်အာဏာပိုင်များက ၎င်းတို့၏ အစီအစဉ်များကို လျှို့ဝှက်ကိစ္စဟု သတ်မှတ်လိုက်သည့်အခါ ပွင့်လင်းမြင်သာမှု ပျောက်ကွယ်သွားတော့သည်။ ယင်းကိစ္စကို အကောင်းဘက်မှ မြင်နိုင်သကဲ့သို့ အဆိုးဘက်မှလည်း မြင်နိုင်သည်။ အကောင်းဘက်မှ ရှုမြင်သည့်အခါ နိုင်ငံတော် လုံခြုံရေး တိုးတက်သွားစေသည်ဟု ဆိုနိုင်သည်။ အဆိုးဘက်မှ ကြည့်သည့်အခါ ယင်းသည် ခြစားမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ ယင်းထက်ပို၍ များစွာဆိုးရွားသည့်အခါ စစ်အာဏရှင် စနစ်ဆီသို့ ဦးတည်သွားတတ်သည်။
ဆုံးဖြတ်ချက်များကို တံခါးပိတ်ချမှတ်ပြီး ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ တစ်ခုနှင့်တစ်ခု ကြားကာလ၌ နိုင်ငံရေးအပေါ် သက်ရောက်နိုင်မှု အခွင့်အလမ်း လွန်စွာနည်းပါးသည့် လစ်ဘရယ် ဒီမိုကရေစီ ပုံစံတစ်ရပ်သည် ငွေကြေးချမ်းသာသူများ လွှမ်းမိုးကြီးစိုးသည့် အုပ်ချုပ်ရေးစနစ်ဆီသို့ ဦးတည်သွားနိုင်သည်။ နိုင်ငံရေးစနစ်များ၏ လားရာနှင့် ကျင့်သုံးမှုတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ပြန့်စွာ သြဇာသက်ရောက်နိုင်သည့် Paticipative Democracy ပုံစံသည်သာလျှင် ပြည်သူ့ဆန္ဒနှင့် ပို၍နီးစပ်မည် ဖြစ်သည်။ Paticipative Democracy သည် ပွင့်လင်းမြင်သာမှုပေါ်၌ တည်ဆောက်ထားပြီး လူတိုင်း ပါဝင်နိုင်သည့် ဒီမိုကရေစီပုံစံမျိုး ဖြစ်သည်။
ဥရောပမြောက်ပိုင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆွီဒင်နိုင်ငံတွင် အစိုးရ၏ အထောက်အထား စာရွက်စာတမ်းများအား ပြည်သူများ လေ့လာသုံးသပ်နိုင်ခွင့်ကို ၁၇၆၆ ခုနှစ်ကတည်းက ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းထားသည်။ ယင်းပုံစံကို အခြားဥရောပနိုင်ငံများက အတုယူကာ အချက်အလက်ဆိုင်ရာ လွတ်လပ်ခွင့်ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။ ကမ္ဘာပေါ်တွင် ပွင့်လင်းမြင်သာမှုကို အားပေးရန်အတွက် Platform for Transparency(PfT)၊ Transparency International နှင့် Sunlight Foundation ကဲ့သို့သော အဖွဲ့အစည်းများ ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ပွင့်လင်းမြင်သာမှုပေါ်၌ တည်ဆောက်ထားသည့် ဒီမိုကရေစီ ပုံစံမျိုးသည်သာ ပြည်သူအများစု၏ ဆန္ဒနှင့် ပို၍နီးစပ်နိုင်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








