(၁၉) ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်အဖြစ် ဆွစ်ဇာလန်နိုင်ငံသား ဦးဆောင်သောအဖွဲ့က ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တွင် ပျံသန်းမှုပြုလုပ်

(၁၉) ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်အဖြစ် ဆွစ်ဇာလန်နိုင်ငံသား ဦးဆောင်သောအဖွဲ့က ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တွင် ပျံသန်းမှုပြုလုပ်
 ဦးပိန်တံတား အနီး၌ မီးပုံးပျံများ ပျံသန်းနေစဉ်
ဦးပိန်တံတား အနီး၌ မီးပုံးပျံများ ပျံသန်းနေစဉ်
Published 30 December 2016
အောင်သူ၊ လဲ့လဲ့အောင်

(၁၉) ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်အဖြစ် မီးပုံးပျံစီးခြင်းကို ဒီဇင်ဘာ ၃၀ ရက် နံနက်က ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တွင် မီးပုံးပျံလေးလုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံသား ဦးဆောင်သော ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားသား အဖွဲ့ဝင် ၂၈ ဦးတို့သည် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ဦးပိန်တံတား အနီးဝန်းကျင်တွင် မီးပုံးပျံ ပျံသန်းစီးနင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးပုံးပျံပွဲတော်အဖြစ် မီးပုံးများ ပျံသန်းစီးနင်းခြင်းကို ဒီဇင်ဘာ ၃၀ နှင့် ၃၁ ရက်တွင် မန္တလေး၊ အမရပူရ၊ တောင်သမန်၊ ဦးပိန်တံတား အနီးဝန်းကျင်နှင့် စစ်ကိုင်းအနီးဝန်းကျင်များသို့ ပျံသန်းစီးနင်း သွားမည်ဖြစ်ကာ ထို့နောက်တွင် ပုဂံ၊ တောင်ကြီးအင်းလေးနှင့် သံတွဲမြို့များသို့ သွားရောက်ပျံသန်း စီးနင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“၁၉ ကြိမ်မြောက်မီးပုံးပျံ ပျံသန်းစီးနင်းခြင်းအနေနဲ့ မန္တလေးမှာဆိုရင် ဒီနေ့ရယ် မနက်ဖြန်ရယ် နှစ်ရက် ပြုလုပ်သွားမယ်။ ပြီးလို့ရှိရင် ပုဂံမှာ နှစ်ရက်၊ နောက်အင်းလေးမှာ သုံးရက်ပျံသန်းမယ်။ အဲဒီနောက်မှာ ရခိုင်ပြည်နယ် သံတွဲမှာ နှစ်ရက်ပျံသန်းပြီးမှ အစီအစဉ်ပြီးမှာ ဖြစ်ပါတယ်။ မန္တလေးမှာက ဒီခရီးစဉ်ရဲ့ ပထမဦးဆုံး ပျံသန်းတာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း လာစီးနင်းနေကျဖြစ်တဲ့ မီးပုံးပျံပွဲတော်ပါ” ဟု ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်နေသည့် ဟိုတယ်ခရီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်အောင်က ပြောကြားသည်။
ယင်းကဲ့သို့ မီးပုံးပျံ စီးနင်းပျံသန်းခြင်းများကို ၁၉၉၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ အတွင်းရှိ အထင်ကရ နေရာများသို့ မီးပုံးပျံစီးခြင်း၊ လေထီးခုန်ခြင်းများ လာရောက်ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် (၁၈) ကြိမ်မြောက် မီးပုံးပျံစီးနင်းခြင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အင်းလေးနှင့် ပုဂံဒေသများ အပါအဝင် မြို့ ၁၁ မြို့တွင် မီးပုံးပျံ ပျံသန်းစီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 

Most Read

Most Recent