မြန်မာနိုင်ငံရှိ မြေငလျင်စက် တပ်ဆင်ထားခြင်း မရှိသည့်နေရာများတွင် မြေငလျင်စက် အလုံး ၃၀အား ၂၀၁၇ မတ်လအတွင်း အပြီးတပ်ဆင် သွားမည်

မြန်မာနိုင်ငံရှိ မြေငလျင်စက် တပ်ဆင်ထားခြင်း မရှိသည့်နေရာများတွင် မြေငလျင်စက် အလုံး ၃၀အား ၂၀၁၇ မတ်လအတွင်း အပြီးတပ်ဆင် သွားမည်
Published 30 December 2016

မြန်မာနိုင်ငံရှိ မြေငလျင်စက် တပ်ဆင်ထားခြင်း မရှိသည့် နေရာများတွင် မြေငလျင်စက် အလုံး ၃၀ အား ၂၀၁၇ မတ်လအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကပြောသည်။“မြန်မာနိုင်ငံအနှံ့မှာမှ ရှမ်းဘက်၊ ရခိုင်ဘက်၊ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတို့ပါတယ်။ ရန်ကုန်မှာကြတော့ ငလျင်တိုင်းတာစက် ရှိပြီးသားဆိုတော့၊ အဲ့ထဲမှာ အလုံးသုံးဆယ် တပ်ဆင်မှာဖြစ်တယ်။ အဲ့ထဲက ၂၀ က ယာယီတပ်မှာပါ၊ ၁၀ လုံးက အမြဲတမ်း တပ်စဉ်ထားမှာဖြစ်တယ်။ ယာယီ တပ်ဆင်မဲ့ အလုံး ၂၀ က သုံးနှစ်လောက်ပြီးရင် ရတဲ့ အချက်အလက်ကို အခြေခံပြီးတော့ နောင်မှာ ငလျင်ဖြစ်နိုင်ခြေ အလားအလာ ရှိ မရှိ ဆိုတာတွေ တွက်ချက်မှာဖြစ်ပါတယ်”  ဒေါက်တာယဉ်မျိုးမင်းထွေးကပြောသည်။ယခု တပ်ဆင်မည့် ငလျင်စက်များကြောင့် ငလျင်ဆိုင်ရာ အချက်အလက် ရရှိမှုသည် ပိုမိုလျှင်မြန်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“အခုတပ်ဆင်မဲ့ စက်တွေက မြန်မာနိုင်ငံမှာ ငလျင်စက် မရှိတဲ့နေရာတွေမှာ ထားမှာဖြစ်ပါတယ်။ စက်အလုံး ၂၀ က စီမံကိန်း ကာလပြီးရင် ပြန်ဖြုတ်သွားမှာ ဖြစ်တယ်။ အခုစီမံကိန်းကို စင်္ကာပူနိုင်ငံ နည်းပညာတက္ကသိုလ် မြေကမ္ဘာဌာနက ကူညီတာဖြစ်ပါတယ်။ အခုမြေငလျင်စက်တွေကို တပ်နေပါပြီ၊ ၂၀၁၇ မတ်လလောက် အပြီးလုပ်ဖို့ စီစဉ်ထားပါတယ်။ အခုတက်လိုက်မဲ့ မြေငလျင်စက်တွေကြောင့် အချိန်နဲ့ တပြေးညီ မြေငလျင် အချက်အလက်တွေကို ဖမ်းယူရရှိမှာဖြစ်ပါတယ်။ အခုသတင်းထုတ်တဲ့ ပုံစံမျိုးကို ပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့၏ အနောက်ဘက် ၁၂မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံ၏ အထင်ကရ ဒေသတစ်ခုဖြစ်သည့် ပုဂံဒေသ အပါအဝင် တစ်နိုင်ငံလုံးတွင် ဘုရားစေတီ စုစုပေါင်း ၄၇၇ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ငလျင် အန္တရာယ်သည် ကြိုတင် ခန့်မှန်း တွက်စမူ မပြုလုပ်သည့် သဘာ၀ ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ငလျင်ကြောကြီး ၅ ခုနှင့် ငလျင်ငယ် အခု ၄၀ခန့်ရှိပြီး ငလျင် အန္တရာယ်ကို အချိန်မရွေး ကျရောက်နိုင်သော ဒေသတစ်ခုဖြစ်ကြောင်းသိရသည်။            ငလျင်လှုပ်ခတ်ပါက အင်အား ၁ ရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ၊ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အား အသင့်အတင့်ဖြစ်ပြီး ပျက်စီးမှု အနည်းအငယ် ရှိနိုင်ပြီး၊ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိ လှုပ်ခတ်ပါက အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီး များပြားကာ၊ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အား အလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွား နိုင်ပေပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းသော ငလျင်အထိ လှုပ်ခတ်ခဲ့မှု ရှိကြောင်း သိရသည်။

Most Read

Most Recent