ကရင်အမျိုးသားများ၏ နှစ်သစ်ကူးမှပေးသည့် သင်ခန်းစာများအား နှလုံးသွင်းပြီး အားလုံးအတူ လက်တွဲကာ ပြည်ထောင်စုကြီး သာယာဝပြောရန်အတွက် လုပ်ဆောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးမှပေးသည့် သင်ခန်းစာများအား နှလုံးသွင်းပြီး အားလုံးအတူ လက်တွဲကာ ပြည်ထောင်စုကြီး သာယာဝပြောရန်အတွက် လုပ်ဆောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အမှတ်(၂)၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အမှတ်(၂)၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)
Published 29 December 2016
ဇေယျာထွန်း

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးက ပေးသည့်သင်ခန်းစာများအား နှလုံးသွင်းပြီး အားလုံးအတူ လက်တွဲကာ ပြည်ထောင်စုကြီး သာယာဝပြောရန်အတွက် လုပ်ဆောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ MICC-2 (မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနအမှတ်(၂))တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ နှစ်သစ်ကူးကပေးတဲ့ သင်ခန်းစာတွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူ လက်တွဲပြီးတော့ ပြည်ထောင်စုကြီး ခိုင်မာ သာယာ ဝပြောအောင်လို့ လုပ်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းမေတ္တာ ပို့ပါတယ်။ အခုလို တိုင်းရင်းသားများရဲ့ နှစ်သစ်ကူးနေ့မှာ အားလုံးဟာ ဝိုင်းဝန်းပြီးတော့ အတူတကွဆင်နွှဲကြတာဟာ ကျွန်မတို့ပြည်ထောင်စုအတွက် ကောင်းတဲ့လက္ခဏာ ကောင်းတဲ့နိမိတ်ပါ။ နိမိတ်ချည်းပဲ အားကိုးနေလို့ မရပါဘူး။ နောက်ဆုံးကတော့ အလုပ်ပါ။ ကိုယ်လုပ်မှ ကိုယ်ခံစားရမှာပါ။ ကိုယ်မလုပ်ဘဲနဲ့ ခံစားချင်တယ်။ စံစားချင်တယ်ဆိုတဲ့ စိတ်ဟာ သိက္ခာမရှိပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ “ကျွန်မတို့ပြည်ထောင်စုကြီးတစ်ခု တည်ထောင်တယ်ဆိုတာဟာ ပထမဦးဆုံးမျိုးစေ့ကြဲရပါတယ်။ ဒီလိုမျိုးစေ့လေးတွေကို အားလုံးက ဝိုင်းဝန်းပြီးတော့ ပြုစုပျိုးထောင်ရမယ်။ ထမင်းစားလို့ရှိရင်တော့ ငါပါမယ်။ ပျိုးပင်စိုက်တဲ့ နေရာမှာတော့ ငါမပါဘူး။ ပြုစုပျိုးထောင်တဲ့ နေရာမှာလည်း မပါဘူး။ ရိတ်တဲ့နေရာမှာလည်း ငါမပါဘူး။ စားတဲ့နေရာမှာတော့ ဝင်စားမယ်ဆိုတဲ့ စိတ်ဓာတ်တွေဟာ ပြည်ထောင်စုစိတ်ဓာတ် မဟုတ်ဘူးလို့ ပြောချင်တယ်။ ကျွန်မတို့အားလုံးဟာ ပထမဦးဆုံး ပျိုးကြဲတဲ့နေရာမှာလည်း ပါရမယ်။ပျိုးပင်လေးတွေ ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ပါရမယ်။ ရိတ်တဲ့နေရာမှာလည်း ပါရမယ်။ ဒါမှစားတဲ့အခါကျရင် လိပ်ပြာသန့်သန့်ဖြင့် စားနိုင်မှာဖြစ်ပါတယ်။ တစ်ခါမှ ဝိုင်းဝန်းပြီးတော့ မကူညီခဲ့တဲ့ပျိုးပင်များရဲ့ အသီးအပွင့်ကို စားတယ်ဆိုတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ အင်မတန်မှ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ ကျွန်မပြောချင်တယ်။ ဒါကြောင့် ကျွန်မတို့အားလုံး ပြည်ထောင်စုကြီးရဲ့ တကယ့်ညီညွတ်တဲ့ တိုင်းရင်းသားပေါင်း မြောက်မြားစွာကနေ ပြီးတော့ တကယ်ညီညီညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာ ထောက်ကူထားတဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကျေးဇူးတွေ၊ အသီးအပွင့်တွေကို ခံစားချင်တယ်။ ပြည်ထောင်စုကြီးကို အားလုံးကနေ ဝိုင်းဝန်းပြီးတော့ ကိုယ်ကျရာနေရာက နေကူညီရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုကြီး သာယာဝပြောရေးအတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ပါက နောင်လာမည့် နှစ်များတွင် နှစ်သစ်ကူးချိန်တွင်သာမက တစ်ရက်ချင်းတိုင်းတွင် ပျိုးထားခဲ့သည့် ပျိုးပင်များမှ ရရှိသည့် အသီးအပွင့်များအား ခံစား စံစား ရမည်ဖြစ်ကြောင်း၊ တစ်နေ့ချင်းတိုင်းသည် ပိုပြီးကောင်းလာသည့် နေ့သစ်များ ဖြစ်လာသည်ကို စိတ်ဓာတ်ဖြင့်ပင် ကျေနပ်ရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပျိုးခဲ့သည့် ငြိမ်းချမ်းရေး မျိုးစေ့များ၏ အသီးအပွင့်များအား နောင်လာနောက်သားများအနေဖြင့် ခေတ်အဆက်ဆက်ခံစား၊ စံစားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
“ဒါကြောင့် ဘာပဲလုပ်လုပ် ကျွန်မတို့ဟာ ရှေ့အနာဂတ်ကို ကြည့်ရပါမယ်။ အနာဂတ်ဆိုတာ နောက်တစ်နှစ်လည်း မဟုတ်ဘူး။ နောက်နှစ်နှစ်လည်း မဟုတ်ဘူး။ နောက်လေးငါးနှစ်လည်း မဟုတ်ပါဘူး။ ကျွန်မမကြာခဏ သတိပေးပါတယ်။ နိုင်ငံရေးပညာရှင် ပြောခဲ့တာဟာ နိုင်ငံရေးလုပ်စားသူတွေဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ နိုင်ငံအတွက် လုပ်တဲ့သူတွေဟာ နောင်မျိုးဆက်သစ်အတွက် ကြိုးပမ်းတယ်။ အဲဒီတော့ ကျွန်မတို့အားလုံးဟာ နောင်မျိုးဆက်သစ်အတွက် စဉ်းစားပေးရမယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ယဉ်ကျေးမှု ပြခန်းကိုလည်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့သည်။ အခမ်းအနားတွင် ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ဖီဘူးယော ဖိတ်ခေါ်ခြင်းအက အပါအဝင် ရိုးရာတူရိယာများ၊ တေးသီချင်းများ၊ ဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကရင်အမျိုးသား အထိမ်းအမှတ်အလံ လွှင့်ထူခြင်း အခမ်းအနားကိုလည်း နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ်(၂) ၌ ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ လွှင့်ထူပေးခဲ့သည်။

Most Read

Most Recent