ရန်ကုန်တိုင်းအတွင်းရှိ ကွင်းဆင်းလေ့လာရန် ကျန်ရှိသော မြို့နယ်ခြောက်ခုရှိ တရားရုံး၊ ဥပဒေရုံးနှင့် ရဲစခန်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ဆက်လက်ကွင်းဆင်း လေ့လာမည်ဖြစ်ပြီး တွေ့ရှိချက်များအား ရန်ကုန်တိုင်း လွှတ်တော်သို့ အစီရင်ခံစာတင်မည်

ရန်ကုန်တိုင်းအတွင်းရှိ ကွင်းဆင်းလေ့လာရန် ကျန်ရှိသော မြို့နယ်ခြောက်ခုရှိ တရားရုံး၊ ဥပဒေရုံးနှင့် ရဲစခန်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ဆက်လက်ကွင်းဆင်း လေ့လာမည်ဖြစ်ပြီး တွေ့ရှိချက်များအား ရန်ကုန်တိုင်း လွှတ်တော်သို့ အစီရင်ခံစာတင်မည်
Published 29 December 2016
ကျော်ထင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကွင်းဆင်းလေ့လာရန် ကျန်ရှိနေသော မြို့နယ် ခြောက်ခုရှိ တရားရုံး၊ ဥပဒေရုံးနှင့် ရဲစခန်းများ ကို၂၀၁၇ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ဆက်လက်ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်း၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်ရှိ တရားရုံးများ၊ ဥပဒေရုံးများနှင့် ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန် သြဂုတ် ၁ ရက်မှစ၍ ကွင်းဆင်းလေ့လာခဲ့ကြောင်း၊ ထိုသို့ကွင်းဆင်း လေ့လာခဲ့ရာ မြို့နယ် ၃၈ ခု ပြီးစီးခဲ့ပြီးနောက် ရန်ကုန်တိုင်းလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပြုလုပ်နေသဖြင့် ကွင်းဆင်းလေ့လာမှုကို ရပ်နားခဲ့ရပြီးနောက် ယခုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပြီးဆုံးသွားခဲ့သဖြင့် ဇန်နဝါရီ ဒုတိယပတ်မှစ၍ ကျန်ရှိသည့် မြို့နယ်ခြောက် ခုတွင်ဆက်လက် ကွင်းဆင်းလေ့လာမည် ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့်မြို့နယ်ခြောက်ခုမှာ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များရှိ တရားရုံးများ၊ ဥပဒေရုံးများနှင့် ရဲစခန်းများအပြင် ခရိုင်အဆင့် တရားရုံးလေးခုနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကိုပါ သွားရောက်ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း၊ အဆိုပါ မြို့နယ်များအားလုံး ကွင်းဆင်းလေ့လာပြီးက ၄၄ မြို့နယ်စလုံး ကွင်းဆင်းလေ့လာ တွေ့ရှိသည့် အချက်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အစီရင်ခံစာ တင်ပြသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
"နှစ်ပတ်ဆက်တိုက် တစ်ပတ်ကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်ဆက်တိုက် ကွင်းဆင်းလေ့လာသွားမှာ ဖြစ်ပါတယ်။ ပြီးရင်ဒီကွင်းဆင်း လေ့လာမှုက တွေ့ရှိချက်တွေကို နောက်တစ်ကြိမ်လုပ်မယ့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ အစီရင်ခံစာအနေနဲ့ တင်သွင်းသွားမှာပါ" ဟု ဦးကျော်ကျော်ထွန်းက ဆက်လက် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၃၈ မြို့နယ်ရှိ တရားရုံးများ၊ ဥပဒေရုံးများနှင့် ရဲစခန်းများအား ကွင်းဆင်းလေ့လာခဲ့ရာတွင် အဓိကအနေဖြင့် တရားရုံးများတွင် အမှုများကြန့်ကြာနေခြင်း၊ ရဲစခန်းများတွင် ရဲအင်အား မလုံလောက်ခြင်း၊ ရဲဝန်ထမ်းအိမ်ရာများတွင် Facilities မပြည့်စုံခြင်း စသည်တို့ကို တွေ့ရှိခဲ့ရကြောင်း ဦးကျော်ကျော်ထွန်းက ဆိုသည်။
"တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာနေတယ်။ ဘာကြောင့်လဲဆိုရင် ရဲသက်သေခံ မလာတာတွေ၊ ဆရာဝန်သက်သေခံ မလာတာတွေကြောင့် အမှုစစ်တာတွေ ကြာနေတယ်။ ရဲစခန်းတွေမှာ တစ်မြို့နယ်ကို ရဲအင်အား ၈၁ ယောက်ရှိရမှာ။ အချို့မြို့နယ်တွေမှာ မပြည့်ဘူး။ ပြီးတော့ လှိုင်သာယာလို လူဦးရေ ခုနစ်သိန်းလောက်ရှိတဲ့ မြို့နယ်မှာ ရဲအင်အား ၈၁ ယောက်ဆိုတော့ အဲဒါက အဆင်မပြေဘူး" ဟု ဦးကျော်ကျော်ထွန်းက ဆက်လက်ပြောကြားသည်။ 
"စစ်ဆေးပြီးတဲ့ မြို့နယ်တွေမှာ တူညီတဲ့ အခက်အခဲက အချို့တရားရုံးတွေမှာ မလိုအပ်ဘဲ အမှုတွေ ကြန့်ကြာနေတာ သွားတွေ့ရတယ်။  ရဲတွေက သက်သေလာပြီးထွက်ဖို့ မအားကြဘူး။ ရဲအင်အား မလုံလောက်တဲ့ အခါကျတော့ တစ်ဖက်က ဝန်ထမ်းအင်အား မလုံလောက်နဲ့ တာဝန်ထမ်းဆောင်ရတယ်။ ရဲသက်သေထွက်ဖို့ကျတဲ့ အခါကျတော့ အချို့ပျက်ကွက်မှုတွေရှိတယ်။ အဲဒီမှာလည်း ကြာတယ်" ဟု အဆိုပါ ကော်မတီအဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကလည်း ပြောကြားထားသည်။   
 

Most Read

Most Recent