မွန်ပြည်နယ် အစိုးရက ကင်မွန်းချောင်းကျေးရွာ ဒေသခံများ၏ ကျိုက်ထီးရိုး တောင်တက်ကားပြေးဆွဲခွင့် ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် အစိုးရက ကင်မွန်းချောင်းကျေးရွာ ဒေသခံများ၏ ကျိုက်ထီးရိုး တောင်တက်ကားပြေးဆွဲခွင့် ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်
တောင်တက် ကားပြေးဆွဲခွင့် မရှိသည့်အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဘိုဘိုမြင့်)
တောင်တက် ကားပြေးဆွဲခွင့် မရှိသည့်အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ဘိုဘိုမြင့်)
Published 29 December 2016
ဘိုဘိုမြင့်

မွန်ပြည်နယ်အစိုးရမှ ကင်မွန်းချောင်းကျေးရွာ ဒေသခံများ၏ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ပြေးဆွဲခွင့် ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေသခံများက ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်လိုင်းထဲမှာ ဒေသခံမော်တော်ယာဉ် အစီး ၃၀ ကို ဝင်ရောက်ပြေးဆွဲခွင့်ပေးရန် အသနားခံစာအား သုံးကြိမ်တင်ပြခဲ့ကြောင်း၊ မွန်ပြည် နယ်ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခွင့် တောင်းခံခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲခွင့်ရရန် တောင်းဆိုသူ တစ်ဦးဖြစ်သူ ဦးစိုးကိုကိုချစ်က ပြောကြားသည်။
“ကျွန်တော်တို့ ပြည်နယ်ဝန်ကြီးချုပ်ထံကို အကြိမ်ကြိမ် စာတွေတင်ပြတယ်။ ဒေသခံတွေရဲ့ အဓိက လိုအပ်ချက်တွေကိုတင်ပြပြီးတော့ သူတို့ကဖြည့်ဆည်းပေးမယ်လို့မျှော်လင့်ခဲ့ပါတယ်။ ဒီနေ့မှာဆိုရင်တော့ ပြည်နယ်အစိုးရအနေနဲ့ ကျွန်တော်တို့ ဒေသခံတွေရဲ့ တောင်တက်ကား အစီး ၃၀ ပြေးဆွဲခွင့်ရရေး ကိစ္စကို ဆောင်ရွက်ပေးခြင်း မရှိအတွက် အခုလို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဦးစိုးကိုကိုချစ်ကပြောကြားသည်။
ဒေသခံတစ်ဦးဖြစ်သူ ဦးစောမင်းအောင်က “ဒီကျိုက်ထီးရိုး တောင်တက်ကားလမ်းကို ဖောက်ခဲ့တာက ဒေသခံရွာသူရွာသားတွေ ဖောက်ခဲ့တာပါ။ ဘုရားလမ်းကြီး ဖောက်ခဲ့ရမယ်ဆိုတော့ ခြံတွေကိုလည်း လှူပေးခဲ့ပါတယ်။ အခုဘုရားလမ်းကြီး ဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖောက်ပေးခဲ့တယ်။ ခြံမြေတွေကိုလည်း ပေးခဲ့ပါတယ်။ အခုလို ကျိုက်ထီးရိုးကားလမ်းကြီး စည်စည်ကားကား အောင်အောင်မြင်မြင် ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ဒေသခံတွေ ကားတစ်စီးမှ ဝင်ဆွဲခွင့်မရဘူး။ ကားဆွဲကို တင်ထားတာကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ပိတ်ဆို့ထားတာတွေ များတယ်”  ဟု ပြောကြားသည်။
“ကျိုက်ထီးရိုးတောင်တက်ကားလမ်း စတင် ဖောက်လုပ်တုန်းက ဒေသခံ ရွာသူ ရွာသားတွေက ရှိတဲ့ခြံမြေတွေကို ဘုရားလမ်းအဖြစ် လှူဒါန်းကြပါတယ်။ လုပ်အားပေးတွေ ကျွန်တော်တို့သွားကြတယ်။ ဘုရားလမ်းကြီး ချောမွေ့သွားတဲ့အခါမှာ ဒေသခံတွေက ဝင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ဖိနှိပ်ချုပ်ချယ်မှုလုပ်နေတဲ့ လူတစ်စုရဲ့ လက်အောက်ထဲ ကျွန်တော်တို့ ဒေသခံတွေ ကျရောက်နေရပါတယ်။ ဒါကို လူကြီးတွေထံကို တစ်ကြိမ်၊ နှစ်ကြိမ် တင်ပြ တောင်းဆိုခဲ့ပါတယ်”  ဟု ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမြင့်စိုးက ပြောကြားသည်။
“တောင်တက်ကားဂိတ်မှာ မော်တော်ယာဉ် အစီး ၁၅၀ ရှိတယ်။ တောင်တက် မော်တော်ယာဉ်အသင်း ကော်မတီကိုလည်း ယာဉ်ပိုင်ရှင် ၂၁ ဦးနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီကော်မတီကနေ ဒေသခံတွေ ယာဉ်လိုင်းထဲ ဝင်ခွင့်မရအောင် ပိတ်ပင်ထားပါတယ်။ အခုလို ပိတ်ပင်ထားတာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိဆိုရင် ၁၃ နှစ် ရှိပါပြီ။ ကားအစီးရေ ၁၅၀ သတ်မှတ်ထားပြီးတော့ ဒေသခံတွေကို ဝင်ခွင့်မပြုဘူး။ အခုတောင်ပေါ်မှာ ရေတံခွန်လိုင်းဆိုပြီး လိုင်းအသစ် တိုးချဲ့ဖွင့်တယ်။ ကျွန်တော်တို့သိရသလောက်တော့ အဲဒီလိုင်းက နိုင်ငံတော်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့လမ်းတွေ ဖောက်ပြီးတော့ ကားအစီး ၂၀ နဲ့ ပြေးဆွဲနေပါ တယ်။ အဲဒီကားတွေက ယာဉ်ပိုင်ရှင်တွေရဲ့ အစုရှယ်ယာတွေနဲ့ ဝယ်ထားတဲ့ကားတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက Carble Car Project မှာ ပစ္စည်းတွေ တိုက်ဖို့အတွက်ကို ကားတွေလိုအပ်တော့ ကျွန်တော်တို့ဒေသခံတွေရဲ့ကားတွေနဲ့လုပ်ဆောင်ဖို့ တောင်းဆိုတာကို တောင်တက်မော်တော်ယာဉ်အသင်းက ခွင့်မပြုဘူး။ ယာဉ်လိုင်းထဲမှာရှိတဲ့ ပိုင်ရှင်တွေကပဲ ကားတွေဝယ်ပြီးတော့ ဆွဲပါတယ်။ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ ပစ္စည်းသယ်ဖို့ သတ်မှတ်ပေးထားတာက ကားငါးစီးပဲ။ တကယ်တမ်း လက်ရှိဆွဲနေတာက ၃၈ စီးရှိပါ တယ်။ အဲဒီကားတွေမှာလည်း ဒေသခံကားတွေ တစ်စီးမှ မပါပါဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို တင်ပြပေမယ့် အစိုးရအနေနဲ့ ဘာမှလုပ်ဆောင်ပေးခြင်း မရှိပါဘူး”  ဟု ဦးစိုးကိုကိုမောင်ကပြောကြားသည်။
“တောင်တက် မော်တော်ယာဉ်လိုင်းထဲကို ဝင်ချင်သူ အများကြီးရှိပါတယ်။ လက်ရှိမှာ ပြည်နယ်အစိုးရကို လိုက်နေတဲ့အဖွဲ့တွေလည်း အများကြီးပဲ။ အဲဒါတွေကို ဘယ်လိုရှင်းကြမလဲ။ ဘယ်သူတွေက တာဝန်ယူကြမှာလဲ။ လက်ရှိ တောင်တက်ကားလမ်း အနေအထားရယ်၊ တောင်ပေါ်ကားဂိတ် နေရာကျဉ်းတာရယ်၊ ကျွန်တော်တို့ထိန်းသိမ်းမှုအပိုင်း မ နိုင်နင်းမှာ စိုးရိမ်တဲ့အတွက် ယာဉ်စီးရေ တိုး ဖို့အတွက်ကို လတ်တလော မဖြစ်နိုင်သေးပါဘူး”  ဟု ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံ ပြည်သူ ၃၀၀ ခန့်မှ “ဒေသခံများ စီးပွားရေးအခွင့်အလမ်းများ ရရှိရေး… ဒို့အရေး၊”  “ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး … ဒို့အရေး” ၊ “ကျေးရွာတွင်းရှိ တောင်တက် စစ်ဆေးရေးဂိတ် ပြောင်းရွှေ့ပေးရေး…ဒို့ အရေး” ၊ “ကျေးရွာသူ၊ ကျေးရွာသားများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး …ဒို အရေး” ၊ “ငွေကြေး ဓနရှင် လူတစ်စု၏ ဖိနှိပ်ထားမှုအပေါ် လွတ်မြောက်နိုင်ရေး … ဒို့အရေး”  စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။          
 

Most Read

Most Recent