တိုင်းနှင့်ပြည်နယ်အဆင့် ဆေးရုံတိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းများအား လူမှုအဖွဲ့အစည်းများစွာမှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

တိုင်းနှင့်ပြည်နယ်အဆင့် ဆေးရုံတိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းများအား လူမှုအဖွဲ့အစည်းများစွာမှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
 အများပြည်သူကောင်းမှုပရဟိတအဖွဲ့ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေသည်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်
အများပြည်သူကောင်းမှုပရဟိတအဖွဲ့ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေသည်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်
Published 29 December 2016
အေးမို့မို့ဇော်

တိုင်းနှင့်ပြည်နယ်အဆင့် ဆေးရုံတိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းများအား လူမှုအဖွဲ့အစည်းများစွာက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
အဆိုပါပြောကြားချက်ကို ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြင်ပအဖွဲ့အစည်းတစ်ခုဖြစ်သော အများပြည်သူ ကောင်းမှုပရဟိတအဖွဲ့မှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင်  လာရောက် ကြည့်ရှုပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းလူမှုအဖွဲ့အစည်းက ရန်ကုန်ဆေးရုံကြီး ဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လာရောက်၍ “ကျွန်တော်တို့က ပြန်ကူညီဖို့လေ။ ဆရာတို့ ဘယ် လိုလုပ်ရင်ကောင်းလဲပေါ့။ System ဖြစ်သွားအောင်လို့ပေါ့။ ဒီတစ်ဖွဲ့တည်း မဟုတ်ဘူး။ နောက်အဖွဲ့တွေလည်း လာရင်လာမယ်လေ။ ဆေးရုံအုပ်ကြီးနဲ့လည်း ပြောခဲ့တယ်။ ယာယီ ဝန်ထမ်း ခန့်ဖို့ပေါ့။ ပလတ်စတစ်အမှိုက်တွေ က အများကြီးပဲ။ ဒီလိုလုပ်နေတာကို လူတွေကတွေ့ရင် အမှိုက်ကို ဒီအတိုင်းပစ်မချချင်တော့ဘူးလေ။ ကျန်တဲ့ဆေးရုံတွေပါ လုပ်မယ်ဆိုရင် ကောင်းတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လောက်အဆင့်အထိ ပံ့ပိုးပေးလို့ရမလဲ။ ပံ့ပိုးပေးမယ်။ ဒါက ရန်ကုန်ပေါ့။ နယ်တွေမှာလည်း ဒါမျိုးကျွန်တော်တို့ လုပ်သွားမယ်။ ဒီလိုမျိုး ပရဟိတအသင်းတွေနဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့လုပ်ရင် ကောင်းတာပေါ့” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
အများပြည်သူကောင်းမှု ပရဟိတအဖွဲ့အနေဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သန့်ရှင်းရေး လုပ်ငန်းများ လာရောက်လုပ်ကိုင်ပေးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် လာရောက် လုပ်ကိုင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ နောက်လတွေမှာလည်း တခြားမြို့နယ်က ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေလုပ်ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့မြို့နယ်တိုင်းမှာ ဆွမ်းလောင်း အသင်းတွေကနေ ပရဟိတ မောင်နှမတွေ ပေါင်းစည်းပြီးတော့ ဒီမှာလာရောက် သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်တာဖြစ်ပါတယ်။ အဖွဲ့လေးဖွဲ့ခွဲပြီး လုပ်ပါတယ်။ သန့် ရှင်းရေးပိုင်းတွေ လုပ်ဖို့ကိုလည်း ကျွန်တော်ဆေးရုံကြီးကို တစ်လတစ်ကြိမ် ဝင်နိုင်အောင်လည်း ကြိုးစားသွားမယ်။ တခြားသော မြို့နယ်တွေမှာရှိတဲ့ ဆေးရုံတွေကိုလည်း သန့်ရှင်းရေးကောင်းမွန်အောင် လှုံ့ဆော်မယ်။  လူငယ်ပိုင်းတွေကိုလည်း စည်းရုံးပြီး အခုလို သန့်ရှင်းရေးဆောင်ရွက်မှုတွေ လုပ်သွားပါမယ်” ဟု အများပြည်သူကောင်းမှု ပရဟိတအဖွဲ့မှ တာဝန်ရှိသူ ကိုသန်းထိုက်က ပြောကြားသည်။
ယခုကဲ့သို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့ကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် အမေးအဖြေကဏ္ဍအနေဖြင့် ထည့်သွင်းကာ တစ်ပြည်လုံးအတိုင်းအတာရှိ လူမှုအဖွဲ့အစည်းများသိရှိ၍ ဆေးရုံတိုင်းတွင် သန့်ရှင်းရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အများပြည်သူကောင်းမှု ပရဟိတအဖွဲ့က ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း တံမြက်စည်းလှည်းခြင်း၊ အမှိုက်ကောက်ခြင်း၊ အများသုံး သန့်စင်ခန်းများအား ဆေးကြောခြင်းတို့ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent