ရန်ကုန်မြို့တွင် အငှားယာဉ် အသုံးပြု၍ ခရီးသည်များထံမှ ရွှေထည်၊ ဖုန်းနှင့်ငွေများ ခြိမ်းခြောက်လုယက်မှု ခုနစ်မှု ကျူးလွန်ထားပြီးဖြစ်သည့် လူငယ်လေးဦးအား ဖမ်းဆီးရမိ

ရန်ကုန်မြို့တွင် အငှားယာဉ် အသုံးပြု၍ ခရီးသည်များထံမှ ရွှေထည်၊ ဖုန်းနှင့်ငွေများ ခြိမ်းခြောက်လုယက်မှု ခုနစ်မှု ကျူးလွန်ထားပြီးဖြစ်သည့် လူငယ်လေးဦးအား ဖမ်းဆီးရမိ
Published 29 December 2016
သန့်ဇင်ကျော်

ရန်ကုန်မြို့အတွင်း အငှားယာဉ်ကို အသုံးပြု၍ ခရီးသည်များထံမှ ရွှေထည်၊ ဖုန်းနှင့် ငွေများ ခြိမ်းခြောက်လုယက်မှု ခုနစ်မှု ကျူးလွန်ထားသည့် လူငယ်လေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဒီဇင်ဘာ ၂၂ ရက်ည ၇ နာရီခန့်က ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးသည် အင်းစိန်မြို့နယ်မှ ရွှေပြည်သာမြို့နယ်သို့ ပြန်ရန် ၄၈ အထူးကားဂိတ်အနီးမှ အငှားယာဉ်တစ်စီးကို ငှားရမ်းကာ ပြန်လာစဉ် အဆိုပါ အငှားယာဉ်မှာ ၎င်းတို့နေထိုင်သည့် ဗိုလ်ချုပ်လမ်းထဲသို့မဝင်ဘဲ သံဒင်းလမ်းအတိုင်း ဝါးတစ်ရာ စက်မှုဇုန်ဘက်သို့ မောင်းနှင်သွားခဲ့ပြီး ဝါးတစ်ရာ စက်မှုဇုန်အရောက်၌ ယာဉ်မောင်းဖြစ်သူ၏ ဘေးတွင်ထိုင်နေသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်ပြီး ယာဉ်မောင်းအမျိုးသားက “ရှိသမျှအကုန်ထုတ်ပေး” ဟုခြောက်လှန့် ပြောဆိုသဖြင့် အဆိုပါအမျိုးသမီးနှစ်ဦးက ကြောက်လန့်ကာ ၎င်းတို့ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား ချွတ်ပေးခဲ့ရသည်ဟု ယင်းအမျိုးသမီးနှစ်ဦးက သက်ဆိုင်ရာ လှော်ကားနယ်မြေ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။
ထို့ကြောင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ ယင်းနေ့ည ၁၁ နာရီခန့်တွင် လုယက်မှု ကျူးလွန်သူနှစ်ဦးဖြစ်သည့် ရွှေပြည်သာမြို့နယ်နေ မြတ်သူ ၂၂ နှစ်နှင့် ရဲကျော် (ခ) ချစ်ထူး ၁၉ နှစ်တို့အား ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သူနှစ်ဦးအား အခြားလုယက်မှုများရှိမရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးရာ ၎င်းတို့နှစ်ဦးသည် ရွှေပြည်သာမြို့နယ်နေ ဗီလား (ခ) ကိုမျိုး (ခ) ဇင်ကိုကိုဦး၊ ဘူးသီး (ခ) သက်ဦးမောင်ဆိုသူတို့ နှင့်အတူ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီခန့်က ၎င်းတို့အငှားယာဉ်ကို ကြည့်မြင်တိုင်မြို့နယ်မှ လှိုင်သာယာမြို့နယ်သို့ ငှားရမ်းစီးနင်းလာသည့် မိန်းမလျာတစ်ဦးအား သမကုန်းအဝိုင်းအနီးတွင် ဓားဖြင့်ထောက်ကာ ၎င်းထံမှ ခရီးဆောင် အိတ်တစ်လုံးကို လုယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် လွတ်မြောက်နေသူ နှစ်ဦးအား သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာ ၂၄ ရက်တွင် ဗီလာ (ခ) ကိုမျိုး (ခ) ဇင်ကိုကိုဦးအား ရွှေပြည်သာမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက်တွင် ဘူးသီး (ခ) သက်ဦးမောင်ဆိုသူအား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက် ဖမ်းဆီးရမိသူ လေးဦးအား အခြားလုယက်မှုများရှိမရှိ ထပ်မံစစ်ဆေးရာ မြတ်သူနှင့် ရဲကျော်(ခ)ချစ်ထူးတို့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက  ၎င်းတို့မောင်းနှင်သည့် အငှားယာဉ်အား မော်တင်မှ သီရိမင်္ဂလာဈေးသို့ ငှားရမ်းပြီး စီးနင်းလာသူ အမျိုးသမီးကို လှိုင်မြို့နယ်၊ ချောင်း၀ ဘုန်းကြီးကျောင်းအနီးတွင် ဝက်အူလှည့်ဖြင့် ထောက်ကာ ယင်းအမျိုးသမီးထံမှ ရွှေဆွဲကြိုးတစ်ကုံးနှင့် ငွေကျပ် ၅၀၀၀၀ ကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်း ကားမှတ်တိုင်အနီးမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ငှားရမ်းစီးနင်းလာသည့် အမျိုးသားတစ်ဦးအား ဒေါပုံမြို့နယ် ဒေါပုံတံတားသစ် အဆင်းတွင် ဝက်အူလှည့်ဖြင့်ထောက်ကာ ထိုအမျိုးသားထံမှ ဖုန်းတစ်လုံးနှင့် ငွေကျပ် ၃၅၀,၀၀၀ ကိုလည်းကောင်း လုယက်ယူဆောင်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြတ်သူ၊ ရဲကျော် (ခ) ချစ်ထူးနှင့် ဗီလား (ခ) ကိုမျိုးတို့သည် ဒီဇင်ဘာလအတွင်းက ၎င်းတို့မောင်းနှင်သည့်ယာဉ်အား ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းမှ သီရိမင်္ဂလာဈေးသို့ ငှားရမ်းပြီး စီးနင်းလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား လှိုင်မြို့နယ်၊ ချောင်း၀ ဘုန်းကြီးကျောင်းအနီး အရောက်တွင် ဝက်အူလှည့်ဖြင့်ထောက်ကာ ထိုခရီးသည်နှစ်ဦးထံမှ နားကပ်တစ်ရန်နှင့် ငွေကျပ် ၃၅၀,၀၀၀ ကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်မှ သာကေတမြို့နယ်၊ ၁၀၈ တောင်ဘုရားအနီးသို့ စီးနင်းလာသော ခရီးသည် အမျိုးသားတစ်ဦးအား သာကေတမြို့နယ်၊ သန်လျင်တံတား ချဉ်းကပ်လမ်းတွင် ဝက်အူလှည့်ဖြင့်ထောက်ကာ အဆိုပါခရီးသည် အမျိုးသားထံမှ ဖုန်းတစ်လုံးနှင့် ငွေကျပ် ၉၀၀၀ အားလည်းကောင်း လုယက်ခဲ့သည်ဟု သိရသည်။
ထို့နောက် မြတ်သူ၊ ရဲကျော် (ခ) ချစ်ထူးနှင့် ဘူးသီး (ခ) သက်ဦးမောင်တို့သည် မော်တင်ကလီ မှတ်တိုင်အနီးမှ မင်္ဂလာတောင်ညွန့်မြို့နယ်သို့ သွားရောက်မည့် ခရီးသည် အမျိုးသမီးတစ်ဦးအား ၎င်းတို့အငှားယာဉ်ဖြင့် တင်ဆောင်လာပြီး ကျန်ခရီးသည်တစ်ဦးအား အခြားနေရာသို့ ပို့ဆောင်ပေးရန်ရှိသည်ဟု ပြောဆိုကာ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာဟိုးဆေး မီးပွိုင့်အနီးအရောက်တွင် အဆိုပါအမျိုးသမီးအား ဝက်အူလှည့်ဖြင့်ထောက်ကာ ၎င်းထံမှ ဖုန်းတစ်လုံးနှင့် ငွေကျပ် ၆၀,၀၀၀ တို့အားလည်းကောင်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အဆိုပါဖြစ်စဉ်များမှ ကျူးလွန်သူများကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုများဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Most Read

Most Recent