ဧရာဝတီတိုင်းအတွင်း စပါးဈေး ပြန်လည်ကျဆင်းလာပြီးနောက် အရောင်းအဝယ်ရပ်ဆိုင်းနေ

ဧရာဝတီတိုင်းအတွင်း စပါးဈေး ပြန်လည်ကျဆင်းလာပြီးနောက် အရောင်းအဝယ်ရပ်ဆိုင်းနေ
Published 29 December 2016
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်အတွင်း စပါးဈေးများ ဆက်တိုက်ပြန်လည် ကျဆင်းလာပြီးနောက် အရောင်းအဝယ်များ ရပ်ဆိုင်းနေကာ တောင်သူများ အနေဖြင့် စပါးများ မိုးစိုပျက်စီးခဲ့မှုကြောင့် အကျိုးအမြတ် နည်းပါးနေကြောင်း သိရသည်။
စပါးရိတ်သိမ်းချိန်တွင် တိုင်းဒေသကြီး နေရာအနှံ့အပြားတွင် မိုးဆက်တိုက်ရွာသွန်းခြင်း၊ လယ်ယာလုပ်သား ရှားပါးခြင်းများကြောင့် သီးနှံများ ရေစိုပျက်စီးခြင်း၊ စပါးများ ဆန်ဝါဖောက်ခြင်း၊ နွံကပ်ခြင်းများကြောင့် တောင်သူများ အနေဖြင့် အကျိုးအမြတ် နည်းပါးခဲ့ကြောင်း၊ စပါးသစ်ပေါ်ဦးစ အချိန်တွင် သီးနှံဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ကုန်သည်များ အပြိုင်အဆိုင် ဈေးမြှင့်ဝယ်ယူမှုကြောင့် စပါးသစ်အကြမ်း တင်း ၁၀၀ လျှင် ကျပ် ၅၄၀၀၀၀၊ စပါးအသစ်အချော တင်း ၁၀၀ လျှင် ကျပ် ၈၂၀၀၀၀ ခန့်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း၊ ကုန်ချောဖြစ်သည့်ဆန်များ ပြည်ပတင်ပို့နိုင်ရန် ခက်ခဲမှုများကြောင့် စပါးအသစ်အကြမ်း တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၀၊ စပါးအသစ်အချော တင်း ၁၀၀ လျှင် ကျပ် ၈၀၀၀၀၀ ဝန်းကျင်သို့ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များပါ ရပ်ဆိုင်းနေကာ ဈေးနှုန်းများ ဆက်လက်ကျဆင်း လာနိုင်သေးကြောင်း သိရသည်။
"ဈေးကျတုန်းကလည်း ကျွန်တော်တို့ ခံရတာပဲ။ ဈေးလေးကောင်းတော့လည်း အမြတ်ရယ်လို့ မကျန်ပါဘူးဗျာ။ စပါးတွေက ရေထိတော့ ဆန်ဝါလို့ဆိုပြီး ဈေးကအနှိမ်ခံရတာပဲ။ သိမ်းချိန်မှာ မိုးထရွာတော့ အမြန်လည်း မသိမ်းနိုင်ဘဲ စပါးတွေ နွံနစ်ထားတော့ ပိုဆိုးကုန်တာပေါ့။ ဈေးကောင်းတယ်ဆိုတာ လုံးဝမိုးအလွတ် ဆန်အကောင်းကိုပဲ ဈေးပေးတာပါ။ လယ်သမား အကုန်လုံးနီးပါးက ဈေးကောင်းမရပါဘူး" ဟု ကျုံမငေးမြို့နယ်မှ တောင်သူ ကိုသန်းအေးက ပြောကြားသည်။
 စပါးအရည်အသွေး ကျဆင်းခဲ့မှုကြောင့် ကုန်ချောဖြစ်သည့် ဆန်များကိုပါ ဈေးကွက်အတွင်းသို့ တင်ပို့နိုင်ရန် ခက်ခဲမှုများ ရှိခဲ့ရကြောင်း သိရသည်။
"ဒီနှစ်က လာသမျှ စပါးစက်လှေ ၁၀ စင်းမှာ ကိုးစင်းလောက်က စပါးမကောင်းဘူး။ အကြမ်းဆိုရင် ငါးသိန်းဆိုတာက အကောင်းဈေးပဲ။ ဆန်မကောင်းရင်တော့ စပါး ၁၀၀ မှာ ဆန်ကောင်းက တင်း ၃၀ တောင်မဖြစ်ချင်တော့ ဈေးမပေးရဲဘူးလေ။ ဆန်အရည်အသွေးအလိုက် စပါး ၁၀၀ ကို ၁၀၀၀၀၀ ကျော်လောက်ထိ ဈေးနှုန်းက အပြောင်းအလဲ ဖြစ်တယ်။ စပါးတွေ မကောင်းတော့ ဆန်မှာပါ လိုက်ထိပြီး ဈေးကွက်မှာကျတော့ စကားပြောလာရတယ်။ ကုန်သည်တွေက ဈေးပေးဝယ်ပြီး လှောင်ထားချင်ရင်တောင်မှ စပါးမကောင်းတော့ မလှောင်ရဲကြဘူး။ ဈေးတွေက ထပ်ကျဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော့်အတွေ့အကြုံ အရတော့ ဒီနှစ်က စပါးရှားလိမ့်မယ်။ စပါးကောင်းကောင်း ကိုင်ထားနိုင်ရင် အကျိုးမယုတ်နိုင်ဘူး။ ဒါပေမဲ့ စပါးအကောင်းကလည်း ရှာမရဘူး" ဟု မြောင်းမြမြို့ရှိ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်း ဒေသကြီး၌ သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုများကြောင့် လယ်ဧကပေါင်း ၃၂၆၀၅၇ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး ၂၉၇၂၅၁ ဧက ထိခိုက်ဆုံးရှုံးမှုများရှိကာ ၂၂၂၆၆၆ ဧကမှာ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ စပါးရိတ်သိမ်းချိန်တွင်ပါ မိုးရွာသွန်းမှုကြောင့် စပါးအရည်အသွေးများ ကျဆင်းခဲ့ရကာ တိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေ ပထမခြောက်လပတ် သုံးသပ်ချက်အရ မူလ ရည်မှန်းချက်၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်းသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။                 

Most Read

Most Recent