ကန့်ကွက်လွှာ တင်သွင်းခံရသည့် ပြည်ကြီးတံခွန်မြို့နယ် ကော်မတီဝင်လောင်းကိုသာ အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အားလုံးကို ခန့်အပ်မည်

ကန့်ကွက်လွှာ တင်သွင်းခံရသည့် ပြည်ကြီးတံခွန်မြို့နယ် ကော်မတီဝင်လောင်းကိုသာ အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အားလုံးကို ခန့်အပ်မည်
Published 29 December 2016
ယဉ်မျိုးသွယ်

ကန့်ကွက်လွှာ တင်သွင်းခံရသည့် ပြည်ကြီးတံခွန်မြို့နယ် ကော်မတီဝင်လောင်းအဖြစ် အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များကို ခန့်အပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိသည်။
ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်တင်မိုးက “ဇန်နဝါရီ ၆ ရက် ကော်မတီဝင်တွေကို ခန့်အပ်မယ်လို့ သိရပါတယ်။ စစ်ဆေးချက်တွေအရ ကန့်ကွက်လွှာ တင် သွင်းခံရတဲ့ ပြည်ကြီးတံခွန်မြို့နယ် ကော်မတီဝင်လောင်း ဦးစောဟန်ကိုပဲ ကော်မတီဝင်အဖြစ် အစိုးရအဖွဲ့က အတည်ပြုလိုက်တယ်” ဟု ကော်မတီဝင်လောင်းများ ခန့်အပ်မည့် ကိစ္စနှင့်ပတ်သက်၍ ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်ရွေးကောက်ပွဲကို စက်တင်ဘာ ၂၅ ရက်က ကျင်းပပြီးစီးခဲ့ရာ ရွေးချယ် ခံရသော ကော်မတီဝင်လောင်းများကို ကန့်ကွက်လိုပါက တစ်ပတ်အတွင်း တင်သွင်းနိုင်ရာ ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးစောဟန်ကို ဒုတိယနှင့်တတိယ မဲရသူများက ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အောင်မြေသာစံမြို့နယ်မှ ဦးခိုင်မြင့် (ခ) ဦးမောင်မောင်၊ ချမ်းအေးသာစံမြို့နယ် ဦးကျော်ဇေယျ၊ မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ဦးကျော်ဇောအောင်၊ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေမှ ဦးဇော်မျိုးလွင် (ခ) ကိုမိုး၊ ပြည်ကြီးတံခွန် မြို့နယ်မဲဆန္ဒနယ် မြေအမှတ် (၅) မှ ဦးစောဟန်နှင့် အမရပူရ မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၆) မှ ဦးရဲမွန် တို့ ခြောက်ဦးကို ရွေးကောက်ခံ ကော်မတီဝင်လောင်းများအဖြစ် မြို့နေပြည်သူများက ရွေးချယ်ခဲ့ကြပြီး အစိုးရအဖွဲ့မှ ကော်မတီဝင်လောင်း ငါးဦးခန့်အပ်မည်ဖြစ်သည်။
စည်ပင်သာယာရေးကော်မတီ၏ သက်တမ်းကာလသည် ယင်းကော်မတီမှ ခန့်အပ်ဖွဲ့စည်းပေးခဲ့သော အစိုးရအဖွဲ့၏ သက်တမ်း နှင့်အညီဟု စသည့်အချက်များ ပါဝင်သော စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် စည်ပင်သာယာရေးကော်မတီဝင်များကို ခန့်အပ်ပေးခဲ့သည့် အစိုးရအဖွဲ့ သက်တမ်းနှင့်အညီဖြစ်သော လက်ရှိ တာဝန် ထမ်းဆောင်နေသော ဒုတိယမြို့တော်ဝန် အပါအဝင် ကော်မတီဝင် ၁၁ ဦးကို ဇူလိုင် ၇ ရက်က တာဝန်မှရပ်နားခဲ့ကြောင်း သိရသည်။

Most Read

Most Recent