တနင်္သာရီ တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချပြီး စီးပွားရေးသမား အယောင်ဆောင်နေသူ အများအပြားရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

တနင်္သာရီ တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချပြီး စီးပွားရေးသမား အယောင်ဆောင်နေသူ အများအပြားရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးအား KNU၊ တပ်မတော်နှင့်၊ ပြည်သူစစ် အရာရှိများနှင့်အတူ တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးအား KNU၊ တပ်မတော်နှင့်၊ ပြည်သူစစ် အရာရှိများနှင့်အတူ တွေ့ရစဉ်
Published 29 December 2016
ဇော်မိုးဦး

တနင်္သာရီ တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ရောင်းချပြီး စီးပွားရေးသမား အယောင်ဆောင်ကာ မျက်နှာဖုံး စွပ်ထားသူ အများအပြား ရှိနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။
မူးယစ်ဆေးဝါး ရောင်းချကာ ချမ်းသာလာကြပြီး စီးပွားရေးသမား အယောင်ဆောင်ထားကာ မြို့၏မျက်နှာဖုံး လူတန်းစားကဲ့သို့ နေထိုင်နေသူများရှိနေပြီး ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်နေကြောင်း ၎င်းကဆိုသည်။
“စိတ်ကြွဆေးပြားတွေ၊ မူးယစ်ဆေးဝါးတွေ ရောင်းချပြီး သူဌေးဖြစ်နေတဲ့သူတွေ၊ စီးပွားရေးသမား အယောင်ဆောင်ပြီးမှ ချမ်းသာသွားကြတဲ့ မျက်နှာဖုံး စွပ်ထားတဲ့သူတွေ အများအပြား ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖော်ထုတ်ပြီး ဖမ်းဆီးနေရပါတယ်။ ဒီလိုဖမ်းဆီးတာတင်မကဘူး။ လူတွေရဲ့ အသိပညာမှာ မူးယစ်ဆေးဝါးဆိုရင် မသုံးစွဲဘူး၊ ငါတို့အတွက် ဆိုးကျိုးဖြစ်တယ်ဆိုတာ လူသားအားလုံး၊ မိဘပြည်သူအားလုံး၊ မိဘပြည်သူအားလုံးရဲ့ သားသမီးတွေ အားလုံးက ဒီလိုစိတ်မျိုးမွေးမှ ရှောင်ကျဉ်နိုင်မှာပါ” ဟု ရဲမှူးကြီးနေမျိုးက ပြောကြားသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရာတွင် အနည်းငယ် သုံးစွဲသူများနှင့် ရောင်းချနေသူများကိုသာ အဓိက ဖမ်းဆီးရမိနေပြီး တစ်ကယ့်ပင်ရင်းများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“အခုဖမ်းမိနေတာက ကိုင်းဖျား၊ ကိုင်းနား အဆင့်ပဲရှိတယ်။ တစ်လုံးတစ်ပိုင်းလောက် သုံးစွဲနေတဲ့သူတွေကို အဓိကဖမ်းတယ်။ သူ့ကိုရောင်းပေးလိုက်တဲ့သူနဲ့ ဒီထက်နည်းနည်း ပိုကိုင်ဆောင်ထားတဲ့ သူတွေအထိလောက်ပဲ ဖမ်းမိတာကို တွေ့ရတယ်။ တကယ့် ထိပ်ပိုင်းက လူတွေဆီကို ဖမ်းဆီးမှုက မရောက်လာဘူး။ ပင်စည်ကို မခုတ်လှဲနိုင်သရွေ့ကတော့ ကိုင်းဖျားကိုင်းနားတွေက ပြန်ထွက်လာနေမှာပဲ။ နောက်ဆုံး ထောင်ထဲမှာ လူတွေမဆန့်အောင် ဖြစ်နေတဲ့သတင်းတွေပဲ ကြားနေရတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ဆိုသည်။
တနင်္သာရီ တိုင်းဒေသကြီးအတွင်း အထူးသဖြင့် မြိတ်မြို့တွင် မူးယစ်ဆေးဝါးများ နှင့်ပတ်သက်ပြီး လမ်းကြောင်းစုံတွင် ဖမ်းဆီးရမိနေပြီး အမျိုးအစားလည်း စုံလင်ကြောင်း သိရသည်။ အခြားဒေသများတွင် ဖမ်းဆီးရမိလေ့မရှိသည့် ICE, Ketamine နှင့်ဘိန်းစာမှုန့်များကိုလည်း ဖမ်းဆီးရမိနေပြီး WY စိတ်ကြွဆေးပြားများမှာ အများအပြား ဖမ်းဆီးရမိနေကြောင်း သိရသည်။
ငါးသယ်လှေများ အထူးသဖြင့် မလေးရှားနှင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် လှေများတွင် ICE များသယ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးက ပြောကြားသည်။                  

Most Read

Most Recent