ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ယခုလအတွင်း ငါးကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်

ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ယခုလအတွင်း ငါးကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်
Published 29 December 2016

မြန်မာ့ရေပိုင်နက် ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီး ဒီဇင်ဘာ ၂၉ ရက်တွင် အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့် ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယခုလအတွင်း ငါးကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်သည်။
“အခုလှုပ်ခတ်ခဲ့တဲ့ငလျင်က မြန်မာ့ရေပိုင်နက်ထဲမှာ လှုပ်သွားတာဖြစ်တယ်။ ဘင်္ဂလားပင်လယ်အော်ရဲ့ တောင်ဘက်၊ အရှေ့တောင်ဘက် လောက်ကျတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
ယခုလှုပ်ခတ်ခဲ့သော ငလျင်သည် ဒီဇင်ဘာ ၂၉ ရက် ၁၂ နာရီ ၂၁ မိနစ် ၅၇ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်ကွာဝေးသော ဘင်္ဂလား ပင်လယ်အော်ကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
“ဘင်္ဂလားပင်လယ်ထဲမှာ ငလျင်လှုပ်ခတ် သွားတယ်ဆိုပေမယ့် ရေလှိုင်းတွေဘာတွေ မြင့်တက်လာမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်အားအနည်းငယ်ပဲရှိပါတယ်။ ဒီလထဲမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်တွေက အင်အားအနည်းငယ်ပဲ ရှိတယ်။ ငလျင်ကြောတွေကလည်း တစ်ဆက်တည်းမဟုတ်ပါဘူး”  ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒေါက်တာယဉ် မျိုးမင်းထွေးက ပြောကြားသည်။
ထို့ပြင် ဒီဇင်ဘာ ၂၈ ရက် ၁၉ နာရီ ၅၈ မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် ၁၅၄ မိုင်ခန့် ကွာဝေးသော နေပြည်တော်မြို့၏ အနောက်ဘက် ၁၄ မိုင်ခန့် အကွာကို ဗဟိုပြုပြီး ၃ ဒသမ၂ အဆင့် ရှိငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဒီဇင်ဘာ ၂၆ ရက် ၂၃ နာရီ ၅၅ မိနစ်တွင် မန္တလေး မြေငလျင်စခန်းမှ
အနောက်ဘက် ၄၉ မိုင်ခန့် ကွာဝေးသော မုံရွာမြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၁၄ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၅၀ ခန့်တွင် ကမ္ဘာအေးမြေ ငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်ကွာဝေးသော (မှော်ဘီမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ထားသည်။
“ရန်ကုန်မှာက ပြတ်ရွေ့အသေးလေးတွေ ရှိတယ်။ ရန်ကုန်အနီးတစ်ဝိုက်မှာ ရစ်ချ်တာစကေး ၄ ကျော်လောက်အထိ လှုပ်နိုင်တဲ့ ပြတ်ရွေ့အသေးလေးတွေ ရှိတယ်”  ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆိုသည်။
ထို့ပြင် ဒီဇင်ဘာ ၇ ရက်ကလည်း မှော်ဘီမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

Most Read

Most Recent