အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ခံစားနေရဟုဆိုကာ အလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ရွှေမိ ပလတ်စတစ်စက်ရုံအား သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွား ထိခိုက်မှု ရှိ မရှိ စစ်ဆေးနေကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် စုံစမ်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်(၁) မြတောင်ဝန်ကြီး ဦးမှိုလမ်းရှိ ရွှေမိ ပလတ်စတစ်စက်ရုံရှေ့တွင် အလုပ်သမား၂၇၀ ဦးခန့်သည် အခြေခံလစာ ၁၅၀၀၀ိ/ တိုးပေးရန်၊ Chemical သုံးစွဲရသောကြောင့် လုပ်သက်အလိုက် တစ်နှစ်လျှင် တစ်လစာပေးရန်၊ အဝေးသင် ပြန်တက်သော ကျောင်းသားများအား လစာမဲ့ခွင့်ပေးရန်နှင့် CBA စုပေါင်းညှိနှိုင်း တောင်းဆိုမှုစာချုပ် ချုပ်ဆိုပေးရန် စသည့်အချက်များအား အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ယင်းသို့ အလုပ်သမားများ ဆန္ဒပြတောင်းဆိုနေသည့်နေရာသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးစိုးတို့ ပါဝင်သောအဖွဲ့က ဆန္ဒထုတ်ဖော်တောင်းဆိုနေသည့် ရွှေမိပလတ်စတစ်စက်ရုံသို့ ဒီဇင်ဘာ ၁၃ ရက်တွင် သွားရောက်စစ်ဆေးရာ စက်ရုံဝင်းအတွင်း ပလတ်စတစ် လောင်းသည့်စက်ဌာနတွင် တင်ဒါအနံ့နှင့် ကော်နံ့ရရှိခြင်း၊ ဆေးသိုလှောင်ခန်းအနီးတွင် ဆေးတင်ဒါနံ့များ ရရှိနေပြီး စက်ရုံမှာ လေဝင်လေထွက်ပေါက်များ နည်းနေကြောင်း၊ လေဝင်လေ ထွက်ကောင်းစေရန်နှင့် အလင်းရောင်ရရှိစေရန် ထပ်မံပြုလုပ်သင့်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းတွေ့ရှိချက်ကြောင့် ရွှေမိပလတ်စတစ် စက်ရုံအား EIA,SIA စစ်ဆေးဆောင်ရွက်ရန်နှင့် စစ်ဆေးနေစဉ် စက်ရုံယာယီပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က Chemical နဲ့ပတ်သက်ပြီး Issue တစ်ခုတင်တယ်မလား။ တင်တဲ့အခါကျတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တို့စက်ရုံကို EIA,SIA စစ်ဆေးမယ်ပေါ့ကွာ။ စစ်ဆေးမယ်ဆိုတော့ စက်ရုံလည်ပတ်မှု ခဏရပ်ထားပေးပါဆိုပြီးတော့ လှမ်းပြောထားတယ်။EIA,SIA ဆိုတာ Environmental Impact Accessment, Social Impact Accessment သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ လူမှုအကျိုးစီးပွား ရှိ၊ မရှိ ဆန်းစစ်ရမယ်ပေါ့လေ။ တကယ်တော့ ဒါတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ ပါပြီးသားတွေလေ။ ဥပဒေမတိုင်ခင်မှာ တည်ထားတဲ့ လုပ်ငန်းတွေဆိုလို့ရှိရင် Initial Environ-mental Examination (IEE) ဆိုတာကို အရင်တင်ရတာပေါ့။ အခုလိုမျိုး တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တိုက်ရိုက်ညွှန်ကြားတာတော့ တစ်ခါမှမတွေ့ဖူးဘူး။ တို့ကုမ္ပဏီက ဒါကို မနှစ်ကတည်းက သွားပြီးတင်ထားရတယ်။ ဝန်ကြီးဌာနဘက်က ဘာမှတုံ့ပြန်ပြီး ဆောင်ရွက်တာမျိုး မရှိသေးတဲ့အချိန်မှာ အခုလို Order လက်ခံရရှိတာ” ဟု ရွှေမိ ပလတ်စတစ်စက်ရုံ မန်နေဂျာ ဦးထွန်းအောင်က ပြောကြားသည်။
EIA,SIA စစ်ဆေးရန်အတွက် ရွှေမိ ပလတ်စတစ်စက်ရုံအား ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ စက်ရုံ ခေတ္တပိတ်သိမ်းခဲ့ရပြီး အချိန် မည်မျှ ပိတ်သိမ်းရမည်ကို မသိရသေးကြောင်း ရွှေမိ ပလတ်စတစ်စက်ရုံမန်နေဂျာ ဦးထွန်းအောင်က ဆက်လက်ပြောကြားသည်။
အဆိုပါ ရွှေမိပလတ်စတစ်စက်ရုံရှေ့တွင် နိုဝင်ဘာ ၂၈ ရက်မှစတင်၍ အလုပ်သမားများသည် အလုပ်မလုပ်ဘဲ တောင်းဆို ဆန္ဒ ထုတ်ဖော်ခဲ့သော်လည်း တစ်လကျော်ကြာ မြင့်သည့်အထိ အလုပ်သမားများနှင့် အလုပ်ရှင်အကြား သဘောတူညီချက် မရသေးကြောင်း သိရသည်။









