တရုတ်ဘက်မှ အဖမ်းအဆီးများ ရှိခဲ့ခြင်းနှင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခင်နှစ်ထက် လျော့ကျ

တရုတ်ဘက်မှ အဖမ်းအဆီးများ ရှိခဲ့ခြင်းနှင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခင်နှစ်ထက် လျော့ကျ
တရုတ်နယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်သို့သွားမည့် ကုန်တင်ယာဉ်များအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
တရုတ်နယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်သို့သွားမည့် ကုန်တင်ယာဉ်များအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 29 December 2016
နီလာ

တရုတ်ဘက်မှ အဖမ်းအဆီးများ ရှိခဲ့ခြင်းနှင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှု ယခင်နှစ်ထက် လျော့ကျလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“တရုတ်ဘက်က အဖမ်းအဆီးရှိတာရယ်၊ တိုက်ပွဲတွေကြောင့်ရယ်၊ ပြည်တွင်း ဆန်ဈေး မြင့်ခဲ့တာရယ်ကြောင့်လည်း ပါတာပေါ့နော်။ ဆန်ဈေးက စပါးပေါ်မှ ကျသွားတာကိုး။ မနှစ်ကထက်တော့ ဆန်တင်ပို့တာ လျော့တာပေါ့” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မူဆယ်နယ်စပ်တွင် ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် တရုတ်ဘက်သို့ ဆန်တင်ပို့မှု လျော့ကျနေချိန်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှတစ်ဆင့် အခြားပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့ကြကာ မြန်မာနိုင်ငံမှဆန်ကို လက်ရှိအချိန်၌ အာဖရိကနှင့် အီးယူဈေးကွက်က အဓိကဝယ်ယူလျက်ရှိကြောင်းနှင့် အာဖရိက ဈေးကွက်သို့ တစ်လလျှင် ဆန်တန်ချိန် ခြောက်သောင်းဝန်းကျင်အထိ တင်ပို့နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ခြောက်သိန်းနီးပါး တင်ပို့ထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းခွဲခန့် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းကိုးသောင်းကျော် တင်ပို့ထားသည်။ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှဆန်ကို မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှတစ်ဆင့် ပြည်ပနိုင်ငံ ၃၀ ကျော်ကို တင်ပို့နေခြင်းဖြစ်သည်။
မြန်မာ - တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း ဆန်တင်ပို့မှု အနေအထားမှာ ဒေါ်လာရှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀၀၀ ကျော်တင်ပို့ခဲ့ရာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်တန်ချိန်၂၀၀၀ ကျော်၊ ဧည့်မထ ဆန်တန်ချိန် ၁၅၆၇၄ တန်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၃ တန်၊ ဧည့်မထဆန် ၆၁၈ တန်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၆၈၇၄ တန်ကို တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု အနေအထားမှာ အာဖရိကဈေးကွက်မှ ဝယ်လိုအား ပိုမိုကောင်းမွန်နေကြောင်း သိရသည်။                                                         

Most Read

Most Recent