ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ရွှံ့နွံတောအတွင်း အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွား

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ရွှံ့နွံတောအတွင်း အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွား
Published 29 December 2016

ပြင်ဦးလွင်မြို့နယ် အမျိုးသားကန်တော်ကြီးဥယျာဉ် ရွှံ့နွံတောအတွင်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ကျူးလွန်ခံရသူ အမျိုးသမီးက ထွက်ဆိုခဲ့သောကြောင့် တာဝန်ရှိသူများက ကျူးလွန်သည်ဟု ယူဆသူကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“အခုက ဘယ်ကဘယ်လို စဖြစ်ကြတယ်ဆိုတာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ကန်တော်ကြီးမှာ ပန်းပွဲတော်ရှိတဲ့အတွက် လာရောက်လည်ပတ်သူတွေလည်း များပါတယ်။ ဒီနေ့ဆိုရင် ကန်တော်ကြီးဥယျာဉ်မှာ လူပေါင်း ၂၇၀၀၀ ကျော်ခန့် လာရောက် လည်ပတ်ကြပါတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကလည်း အရေးယူ အမှုဖွင့်တာတွေ လုပ်ဆောင်သွားမှာပါ”ဟု ကန်တော်ကြီးဥယျာဉ်မှ တာဝန်ရှိသူ ဦးဝေမျိုးအောင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရွှံ့နွံတောအတွင်း၌ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသမီးက ကန်တော်ကြီးဥယျာဉ် လုံခြုံရေးအား တိုင်ကြားခဲ့ကြောင်း၊ ၎င်းအမျိုးသမီးသည် မန္တလေးမှ မေမြို့ရှိ သူငယ်ချင်းနေအိမ်သို့ အလည်လာပြီး ကန်တော်ကြီးဥယျာဉ်အတွင်း၌ တစ်ယောက်တည်း အလည်အပတ် ရောက်ရှိခဲ့ကြောင်း၊ သူငယ်ချင်းသုံးဦးနှင့်အတူ စစ်ကိုင်းမှ မေမြို့သို့ လာရောက်လည်ပတ်သည့် အမျိုးသားတစ်ဦးက ၎င်းအမျိုးသမီးကို ကျူးလွန်ခဲ့သည်ဟု ကာယကံရှင်က ထွက်ဆိုခဲ့ကြောင်း၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ လုံခြုံရေးကင်မရာများကို ပြန်လည်စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံဖမ်းဆီးခဲ့ရာ ကန်တော်ကြီးဥယျာဉ် အပြင်ဘက်တွင် တွေ့ရှိခဲ့ကြောင်း၊ ကျူးလွန်သည့် ရွှံ့နွံတောအတွင်းကို သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူကို ရဲစခန်းသို့ ခေါ်ဆောင်ကာ ဆက်လက် စစ်ဆေးနေပြီး ကျူးလွန်ခံရသူ အမျိုးသမီးကိုလည်း လိုအပ်သည့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent