ဆင်းရဲမွဲတေမှု ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်သေးသော နိုင်ငံတွင် အခြားသော နောက်ဆက်တွဲ လူမှုပြဿနာများက ခြိမ်းခြောက်နေသည်။ ထိုအထဲတွင် အရွယ် မရောက်သေးသော ကလေးသူငယ်များ နည်းအမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် အကြမ်းဖက်ခံရမှုများ ပါဝင်နေသလို ဆယ်ကျော်သက် အရွယ်များ အတွက်လည်း အမျိုးမျိုးသော အန္တရာယ်များ၏ ခြိမ်းခြောက်မှုများ ရှိနေသည်။
ကလေးသူငယ်များ အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်၍ ပုံသဏ္ဌာန် အမျိုးမျိုးရှိရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် အိမ်တွင်း ကျောင်းတွင်း ကြမ်းတမ်းစွာ ရိုက်နှက်ခံရခြင်း (အကြမ်းဖက်)တို့မှာ အများဆုံးသော ဖြစ်စဉ်များဟု သိရသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Save the Children ၊ လူမှုဝန်ထမ်း ဦးစီးဌာနအပါအဝင် မိတ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ကလေးသူငယ် ပူးပေါင်းကာကွယ် စောင့်ရှောက်ရေး ဖြစ်ရပ် စီမံခန့်ခွဲမှုကို အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ၂၀၁၄ ခုနှစ်တွင် စတင်ကာ ကလေးသူငယ်များနှင့် သက်ဆိုင်သော အမျိုးမျိုးသော အကြမ်း ဖက်ခံရမှုများအတွက် တိုက်ရိုက် ဆက်သွယ် တိုင်ကြားရန်၊ လိုအပ်သလို ကူညီရန် လုပ် ဆောင်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသော ပြဿနာများ အနက် ကလေးသူငယ် ပြဿနာများမှာ လျစ်လျူမရှုသင့်သော ကိစ္စရပ် တစ်ခုအဖြစ် ရှိနေသည်။ စီးပွားရေး အဆင်မပြေသော မိသားစုပုံစံနှင့် လူမှုရေး ပြဿနာများသော မိသားစုများမှ ကလေးသူငယ်များအတွက် အကြမ်းဖက်ခံရမှု ပြဿနာမှာ ပိုမိုကြုံတွေ့နိုင်သည့် အနေအထားမျိုး ဖြစ်နေသည်။ မိသားစု စီးပွားရေး အခြေအနေအရ စာသင်ခန်းများကို စွန့်ခွာကာ မိသားစု ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းမှ ကြုံရာလုပ်ငန်းများ လုပ်ကိုင်ကြရသော ကလေးငယ်များအတွက် ၎င်းတို့ ၏ အခွင့်အရေးများ လုံလောက်သော အကာအကွယ် ရရှိရန် လိုအပ်နေသည်။ ဈေးဆိုင်များတွင် လည်းကောင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် လည်းကောင်း လုပ် ကိုင်နေရသူများ၊ လမ်းမများပေါ်တွင် ဈေးရောင်းချရသော ကလေးများ အပါအဝင် ဘဝမျိုးစုံလင်သည့် ကလေးငယ်များအတွက် အချိန်မရွေး ကျရောက်လာနိုင်သော အကြမ်းဖက် အန္တရာယ်များကို ထိရောက်စွာ ဟန့်တားရန်၊ ကြိုတင်ကာကွယ်ရန် ယခုထက်ပိုမိုသော အစီအမံများ လိုအပ်နေပြီ ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သော သတင်း အချက်အလက်များအရ ရန်ကုန်မြို့ အပါအဝင် တိုင်းနှင့်ပြည်နယ် ဒေသအချို့တွင် အသက် (၁၂)နှစ်မှ (၁၇)နှစ်အရွယ် ဆယ်ကျော်သက်များ ပျောက်ဆုံးမှုဖြစ်စဉ် ပိုများလာကြောင်း သိရသည်။ မည်သို့သော အကြောင်းတရား များကြောင့် ဖြစ်ပေါ်သည်ကို အတိအကျ မသိရှိရသော်လည်း ယခု နောက်ပိုင်း ပိုမို တွင်ကျယ်လာသည့် လူမှုကွန်ရက်များမှ သွေးဆောင် ဖျားယောင်း၍ သော်လည်းကောင်း၊ လိမ်လည် ခြိမ်းခြောက်ခြင်းများကြောင့်သော် လည်းကောင်း၊ အခြားသော လူမှု ပြဿနာ များကြောင့်သော်လည်းကောင်း အမျိုးမျိုးဖြစ်နိုင်ပါသည်။
ထို့ကြောင့် မည်သို့သော အကြောင်းတရားများကြောင့် ဖြစ်စေ နိုင်ငံ့ အနာဂတ်အတွက် အရေးပါသော ကလေးသူငယ်များ၊ ဆယ်ကျော်သက်များ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် တရားဥပဒေ၏ မှန်ကန်မျှတသည့် အကာအကွယ်များ ရရှိရေးမှာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာမှ ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီ့တာ အာဘော်)








