မအကြာသေးမီက သတ်မှတ်ခဲ့သော အနိမ့််ဆုံး လုပ်ခလစာ တစ်နေ့ ကျပ် ၃၆၀၀ အတည်ပြုခဲ့ပြီး နောက်တွင် ပေါ်ပေါက်လာသော အခြေအနေများ အတွက် အစိုးရ၊ အလုပ်သမား အဖွဲ့ချုပ်များနှင့် အလုပ်ရှင်တို့ သုံးပွင့်ဆိုင် ဆွေးနွေး ကြမည်ဟု သိရသည်။ အကြောင်းရင်းမှာ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ အတည်ပြု သတ်မှတ်ပြီးနောက် ယခု လတ်တလော ဖြစ်ပေါ်နေသည့် စက်ရုံများမှ ဝန်ထမ်းအင်အား လျှော့ချခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM)၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက်နှင့် မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်တို့က ပူးပေါင်း၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြသည်။ ထုတ်ပြန်ချက်တွင် “အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် ဘက်ပေါင်းစုံမှ ဆင်းရဲနိမ့်ကျနေသော မြန်မာနိုင်ငံ အလုပ်သမား များအတွက် ဆင်းရဲတွင်းမှ လွတ်မြောက်စေနိုင်သည့် အရေးကြီးလှသည့် ဆောင်ရွက်ချက် ဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်ရေးအတွက် စုပေါင်းဆွေးနွေး အဖြေရှာခြင်းတို့ ပြုလုပ်သင့်ကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမား စာချုပ်အသစ်များ ပြန်လည်ချုပ်ဆိုပြီး ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ကြရန် “ ဟူ၍ တိုက်တွန်းမှု ပါဝင်သည်။
ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း အခြေအနေနှင့် ထိုက်သင့်သော အခြေခံ လုပ်ခလစာကိစ္စမှာ အခြားသော ကိစ္စရပ်များ နည်းတူ အရေးပါသည်။ အဘယ်ကြောင့် ဆိုသော် လူကုန်ကူးမှု ပြဿနာ၊ ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပြည်ပသို့ တရားမဝင် ရောက်ရှိခြင်း၊ ပညာရပ် ပိုင်းဆိုင်ရာများဖြင့် မဟုတ်ဘဲ ကြုံရာ အလုပ်လုပ်ကိုင်ရန် ရောက်ရှိ နေကြခြင်း များကြောင့် နောက်ဆက်တွဲ အခက်အခဲများက သတိပြုစရာ ဖြစ်သည်။ ဥပမာအားဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်သော စစ်တမ်းများအရ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် လုပ်ကိုင် ကြရခြင်းကြောင့် လူကုန်ကူးသူများ၏ ဦးတည်ရာ ဖြစ်လာကြောင်း သိရသည်။ အလုပ်သမား အများစုသည် ငွေကြေးလိုအပ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကြောင့် မူရင်း နေရပ်များမှ ရွှေ့ပြောင်းကြခြင်း၊ မူရင်းဒေသများတွင် ရရှိသော နည်းပါးသည့် လုပ်ခလစာထက် ပိုမိုရရှိမည်ဟု မျှော်လင့်သောကြောင့် ရွှေ့ပြောင်း လုပ်ကိုင်ကြခြင်း၊ ရွှေ့ပြောင်း လုပ်ကိုင်ကြရာတွင် မှန်ကန် စနစ်ကျသော အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ မဟုတ်ဘဲ အခြားသူများထံမှ တစ်ဆင့် စကားဖြင့် လည်းကောင်း ၊ အရပ်ပွဲစားများမှ လည်းကောင်း စသည်ဖြင့် အဆင် ပြေသလို ရွေးချယ် လုပ်ကိုင်ကြခြင်းကြောင့် ထိခိုက်နစ်နာရမှုများ၊ ခေါင်းပုံဖြတ်ခံရခြင်းများ၊ အဆိုးဆုံးမှာ အရှက်နှင့်ဘ၀ ဆုံးခဲ့ရသော အမျိုးသမီးငယ်များ၏ အဖြစ်က သတိပြုစရာပင်။
မြန်မာနိုင်ငံ၏ အခြေခံ အလုပ်အကိုင် ကဏ္ဍတွင် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများ၌ လုပ်ကိုင်နေသူ ပမာဏမှာ ၎င်းတို့အား မှီခိုနေသော မိသားစုဝင်များ အပါအဝင် များပြားပါသည်။ စက်ရုံ ပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းအင်အား လျှော့ချခြင်းကြောင့် အလုပ်သမား ထောင်ဂဏန်းအထိ အလုပ်လက်မဲ့ ဖြစ်ရခြင်းများလည်း ရှိလာသည်။ သို့ပါ၍ အခြေခံ လုပ်ခလစာ သတ်မှတ်ပြီး နောက်ပိုင်း ပေါ်ပေါက်လာသော အလုပ်ရှင် အလုပ်သမား အကြား သက်ရောက်မှုများအတွက် စနစ်တကျ အဖြေရှာ ဖြေရှင်းမှုများ လိုအပ်လာပြီ ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်ပါ ကြုံရာလုပ်ငန်းများဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အလုပ်သမား ပြဿနာ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ထိုက်သင့်သော လုပ်ခလစာ အရေး အလေးထားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်








