မဲစာရင်းမှန်ဖို့က ဘယ်သူ့မှာ တာဝန်ရှိတာလဲ

မဲစာရင်းမှန်ဖို့က ဘယ်သူ့မှာ တာဝန်ရှိတာလဲ
Published 21 September 2015

စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသိပေး ကြေညာချက်တွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်များသည် မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်း ရှိ၊ မရှိ မဲစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ သွားရောက်ကြည့်ရှု ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၄ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကြေညာခဲ့သည့် မဲဆန္ဒရှင် စာရင်းတွင် လမ်းနှင့် အက္ခရာစဉ်၍ ကြေညာမှုကြောင့် အမည်စာရင်း စစ်ရာတွင် ရှာဖွေရခက်ခြင်း၊ အချက်အလက် ပြင်ဆင်လျှောက်ထားသူ အချို့၏ အချက်အလက်များ ဆက်လက်မှားယွင်းနေခြင်း၊ မှားယွင်းမှု အသစ်များ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် မဲဆန္ဒရှင်ပြည်သူများ သံသယပို၍ ဝင်လာကြသည်။ ယင်းမဲစာရင်းကို မကြေညာမီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ ယခုကပ်မည့် မဲစာရင်းတွင် အာမခံနိုင်သည်မှာ လာကြည့်သည့် ၃၀ ရာခိုင်နှုန်းသာ ဖြစ်ကြောင်း၊ လာကြည့်သည့် ၃၀ ရာခိုင်နှုန်း မှန်နိုင်ကြောင်း၊ လာမကြည့်သည့် ၇၀ ရာခိုင်နှုန်း မသေချာကြောင်း ပြောကြားထားမှုများ ရှိသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေနှင့် မဲဆန္ဒရှင် ပြည်သူများအား မဲစာရင်းများ စစ်ဆေးရန် တောက်လျှောက် တိုက်တွန်းနှိုးဆော် နေခြင်းသည်ပင်လျှင် မရိုးသားသည့်သဘော ဆောင်နေသည်။ “ငါတို့ဘက်က တာဝန်ကျေသားပဲ။ မဲစာရင်း မပါရင် မင်းတို့တာဝန်” ဟု မဲဆန္ဒရှင်စာရင်း မှားယွင်းမှုကို ပြည်သူများဘက်သို့ ပြန်၍အပြစ်တင် နေသယောင် ရှိသည်။ မဲစာရင်း မှန်ကန်ရေးအတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ အမှန်တကယ်၌ မဲစာရင်း မှန်ကန်ရေးသည် ရွေးကောက်ပွဲ ကော်မရှင်အပေါ်၌သာ လုံးဝတာဝန်ရှိသည်။ စာမေးပွဲ အောင်စာရင်းတွင် မိမိအမည် ပါ၊ မပါ စစ်ဆေးသကဲ့သို့ မဲဆန္ဒရှင် ပြည်သူများက ထပ်ကာ ထပ်ကာ သွားရောက်ကြည့်ရှုပြီး ပြန်လည် လျှောက်ထားစရာ မည်သည့်အကြောင်းမျှ မရှိပါ။ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူတစ်ဦး အနေဖြင့် မဲပေးခွင့်မရဘဲ နိုင်ငံသား အခြေခံ အခွင့်အရေး ဆုံးရှုံးအောင် ပြုလုပ်သူသည် ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနိုင်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အခန်း (၁၃)၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ (၅၇) ၌ “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ မဲဆန္ဒပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက် ပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပါရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုအား “မဲဆန္ဒရှင်စာရင်းမှာ နာမည်သတ်ပုံ မှားနေတယ်၊ မွေးသက္ကရာဇ် ဂဏန်း မှားနေတယ်၊ မှတ်ပုံတင်နာမည် မှားနေတယ်၊ သူတို့က အချိန်မီ မပြင်လိုက်ရဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲနေ့ကျ သူ့မှာ သန်းခေါင်စာရင်းလည်း ပါလာမယ်၊ မှတ်ပုံတင်လည်း ပါလာမယ်ဆိုရင် အဲဒီလူတွေကို မဲထည့်ခွင့် ပေးမလား” ဟု မေးမြန်းခဲ့ရာ ဦးကိုကိုက “မှတ်ပုံတင် ယူလာရမယ်ဆိုတာ မဖြစ်မနေ မဟုတ်ပါဘူး။ သန်းခေါင်စာရင်း ပါစရာလည်း မလိုဘူး၊ မဲစာရင်းမှာ နာမည်ပါပြီး အသေးအမွှား မှားနေတယ် ဆိုရင်လည်း မဲထည့်လို့ရတယ်။ ဥပဒေမှာ ဆိုထားတာက မဲစာရင်းမှာ ပါလို့ရှိရင် မဲပေးလို့ရတယ်၊ (နာမည်သတ်ပုံ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် ကိန်းဂဏန်းတချို့ လွဲနေရင်လည်း မဲပေးခွင့် ရှိပါတယ်။)” ဟု ဖြေကြားခဲ့သည်။ အမှန်တကယ်၌ ယင်းကိစ္စများသည် နှုတ်ဖြင့် ပြောဆိုခြင်းက တရားမဝင်ဘဲ တရားဝင ်ကြေညာစာ ထုတ်ပြန်ရမည် ဖြစ်သည်။ တရားဝင် အမိန့်ကြေညာစာ မရှိပါက မဲဆန္ဒရှင် ပြည်သူတစ်ဦး အနေဖြင့် သဲကွဲရေရာမှု မရှိသည့် လုပ်ထုံးလုပ်နည်းများအကြား မဲပေးခွင့် ဆုံးရှုံးသွားနိုင်သည်။
ထို့ကြောင့် မဲစာရင်း မှန်ကန်စေရန် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ထပ်ကာထပ်ကာ စစ်ဆေးကြည့်ရှု နေရခြင်းသည် လုံးဝအဓိပ္ပာယ် မရှိကြောင်းနှင့် မဲစာရင်း မှန်ကန်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင် အပေါ်၌သာ လုံးလုံးလျားလျား တာဝန်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent