မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြဝတီနယ်စပ်မှ ကုန်သွယ်မှု ဘီလျံ ၁၂၀ အထိ မြင့်တက်နိုင်

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြဝတီနယ်စပ်မှ ကုန်သွယ်မှု ဘီလျံ ၁၂၀ အထိ မြင့်တက်နိုင်
Published 20 September 2015
ကိုရွှေသိန်း (မြဝတီ)

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ဒုတိယ ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီ နယ်စပ်စခန်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ ဘီလျံ ၁၂၀ အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၆၃ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၂၉၀၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၄၇ သန်းကျော် ကုန်သွယ်နိုင်ခဲ့သည်။လာမည့် ၂၀၁၆ ခုနှစ်တွင် ဘီလျံ ၁၂၀ အထိ မြင့်တက်လာရန် ခန့်မှန်းထားသည့်အတွက် ကုန်သွယ်မှု နှစ်ဆ မြင့်တက်လာနိုင်ကြောင်း ဒုတိယ သမ္မတက မြဝတီ-မဲဆောက် ဒုတိယတံတား အုတ်မြစ်ချ အခမ်းအနားတွင် ပြောကြားခဲ့သည်။“လမ်းသစ်ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့အတွက် အဆင်း၊ အတက် မရှိတော့ပါဘူး။ နေ့တိုင်း ကုန်သွယ်လို့ ရနေပါပြီ။ အခု ကားတွေအများကြီး စီတန်းနေရတာက ဇုန်က ဂျူတီမထွက်သေးလို့ စောင့်နေကြတာပါ။ ဂျူတီဝင်တာ မြန်မယ်ဆိုရင် ဒီထက်မက ကုန်သွယ်မှု မြင့်တက်လာနိုင်ပါတယ်” ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး မြင့်တက်ခြင်းကြောင့် တစ်နိုင်တစ်ပိုင် ဝယ်ရောင်းလုပ်သူ ကုန်သည်များ လျှော့နည်းသွားခဲ့သည်။သို့သော်လည်း သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များ၏ ကုန်သွယ်မှုမှာ နေ့စဉ် ကုန်သွယ်နေရခြင်းကြောင့် ယခင်ထက် ပိုမိုများပြားလာသည်ဟု သိရသည်။“အရင်ကဆိုရင် တစ်ရက်ခြား ကုန်သွယ်ရတယ်။ လမ်းသစ်ဖွင့်ပြီးနောက် အတက်၊ အဆင်း မရှိတော့ဘူး။ ကုန်ကားတွေရော၊ ခရီးသည်တင် ကားတွေပါ နေ့တိုင်းသွားလာနေကြပါပြီ။ သို့သော်လည်းပဲ ဒေါ်လာဈေး မြင့်တက်နေတဲ့အတွက် အခွန်ကျသင့်ငွေကို ဒေါ်လာနဲ့တွက်ပြီး ဆောင်ရတော့ ကုန်သည်တွေအတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုး ပိနေသလိုပါပဲ” ဟု မြဝတီဇုန်၌ ဂျူတီဝင်ရန် စောင့်ဆိုင်းနေသော ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

Most Read

Most Recent