လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ
Published 20 September 2015

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် ခိုင်မာသော ဒီမိုကရေစီစနစ် တစ်ရပ်အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ အမှန်တကယ် လွတ်လပ်၍ တရားမျှတမှုရှိရန် ရွေးကောက်ပွဲများသည် ပွင့်လင်းမြင်သာမှု ရှိရမည့်အပြင် ရွေးကောက်ပွဲ ကျင်းပမည့် နေ့အတွက် ကောင်းမွန်စွာ စီမံထားရမည် ဖြစ်သည်။၎င်းအပြင် မဲပေးခွင့်ရှိသည့် နိုင်ငံသားအားလုံး ပါဝင်ရေး၊ နိုင်ငံရေး ပါတီများ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရရေးနှင့် လွတ်လပ်သော မီဒီယာများ ကြွယ်ဝစွာ ရှိရေးတို့လည်း လိုအပ်သည်။ ရွေးကောက်ပွဲများအတွက် လွတ်လပ်စွာနှင့် သမာသမတ်ကျစွာ ဆောင်ရွက်နိုင်စွမ်း ရှိသော ဒိုင်လူကြီး စနစ်တစ်ရပ်ကိုလည်း တည်ဆောက် ထားရမည် ဖြစ်သည်။နိုင်ငံတကာ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီက ၁၉၉၄ ခုနှစ် မတ် ၂၆ ရက်တွင် ပါရီမြို့၌ ပြုလုပ်သည့် ၁၅၄ ကြိမ်မြောက် ညီလာခံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအတွက် သတ်မှတ်ချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ “ မည်သည့် နိုင်ငံ၌မဆို အစိုးရအဖွဲ့ အာဏာပိုင်များသည် လူထု၏ ဆန္ဒအရ ပေါ်ထွက်လာသူများသာ ဖြစ်ရမည်ဖြစ်ပြီး အမှန်တကယ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အများ သဘောတူ၍ မျှတသော မဲပေးပိုင်ခွင့် အခြေခံမူအရ ပုံမှန် အချိန်အပိုင်းအခြားအတိုင်း ပြုလုပ်ရမည် ” ဟု ပါရှိသည်။ယင်းတွင် မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့် ပတ်သက်၍လည်း (၁) ခွဲခြားကန့်သတ်မှု မရှိသော အခြေခံ မူတစ်ရပ်အပေါ် အခြေပြု၍ အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်း ရွေးကောက်ပွဲများ၌ မဲပေးပိုင်ခွင့်ရှိသည်။ (၂) ထိရောက်သော သမာ သမတ်ရှိသော ခွဲခြား ကန့်သတ်မှု မရှိသော မဲဆန္ဒရှင်များ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်၌ အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသည်။ (၃) နိုင်ငံသား ဖြစ်ခွင့်မရှိသူများကို မဲပေးခွင့်မပြုခြင်း သို့မဟုတ် မဲဆန္ဒရှင်စာရင်းမှ ထုတ်ပယ်ခြင်းတို့ ပြုလုပ်နိုင်သော်လည်း ဥပဒေအရ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များနှင့် အညီ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေအောက်ရှိ နိုင်ငံတော်၏ တာဝန် ဝတ္တရားများနှင့်လည်း ကိုက်ညီရမည် ဖြစ်သည်။ (၄) မဲပေးခွင့် ရုပ်သိမ်းခံရခြင်း သို့မဟုတ် မဲဆန္ဒရှင်စာရင်းမှ ထုတ်ပယ်ခံရခြင်းတို့ကို ခံရသူတိုင်း အနေဖြင့် ယင်းကဲ့သို့သော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ပေးရန် ပြည့်စုံလုံလောက်သည့် ဒိုင်သူကြီးအဖွဲ့ထံ အယူခံဝင်ခွင့် ရှိရမည်ဖြစ်ပြီး အမှားများ ရှိခဲ့ပါက အမြန်ဆုံးနှင့် ထိရောက်စွာ ပြင်ဆင်ပေးရမည်။ (၅) မဲဆန္ဒရှင်တိုင်းသည် သူ၏ မဲပေးခွင့်ကို လုပ်ဆောင်ရန် မဲရုံတစ်ရုံအား ညီမျှစွာနှင့် ထိရောက်စွာ အသုံးပြုခွင့်ရှိရမည်။  (၆) မဲဆန္ဒရှင်တိုင်းသည် သူ၏ မဲပေးခွင့်ကို အခြားသူများနှင့် ညီမျှစွာပင် ကျင့်သုံးခွင့်ရှိပြီး သူ၏ မဲပေးခွင့်သည် အခြားသူများ၏ မဲပေးခွင့်နှင့် အတိုင်းအတာအရ တူညီရမည်။  (၇) လျှို့ဝှက်စွာ မဲပေးခွင့်သည် အကြွင်းမဲ့ ဖြစ်ရမည်ဖြစ်ပြီး မည်သည့် နည်းလမ်း မည်သည့် အပြုအမူများအားဖြင့်နှင့်မျှ အကန့်အသတ် မရှိစေရ ဟူသော အချက်များ ပါဝင်သည်။ထို့ကြောင့် ဒီမိုကရေစီ စနစ်၏ အခြေခံအုတ်မြစ် ဖြစ်သော ရွေးကောက်ပွဲများ ကျင်းပရာတွင် အမှန်တကယ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု နိုင်ငံသားများ ယုံကြည် လက်ခံနိုင်ရေးသည် လွန်စွာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent