၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၂ ဘီလျံအထိ မျှော်လင့်ထားကြောင်း သိရ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၂ ဘီလျံအထိ မျှော်လင့်ထားကြောင်း သိရ
Published 18 September 2015
အငယ်ထွေး၊ နီလာ

ပြီးခဲ့သည့်၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၈ ဒသမ ၁ ဘီလျံသို့ ရောက်ရှိခဲ့သောကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် ပိုမို ဝင်ရောက်လာနိုင်သည့် အလားအလာ ရှိနေကြောင်းနှင့် ၁၂ ဘီလျံသို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က Myanmar Global Investment Forum  တွင် ပြောကြားသည်။“ မြန်မာနိုင်ငံရဲ့ Investment နဲ့ပတ်သက်ရင် မနက်က ဝန်ကြီးပြောသလို ရှစ်ဘီလျံပေါ့။ ဆရာထင်တယ်၊ ဒီနှစ် ပိုရမယ်လို့။ ဆရာထင်တယ်၊ ၁၂ လောက် ရနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တယ်။ ကြိုဆိုတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ သမားရိုးကျ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲ ဥပမာ-မီဒီယာမှာ Entertainment မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဆရာတို့ လက်ခံရမှာပေါ့ ” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။လက်ရှိအချိန်သည် ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၅၀ လောက်သာ လိုတော့သည့်အတွက် ယင်းအပိုင်းအခြား ကာလအတွင်း စောင့်ကြည့်မှုများ ရှိနိုင်သော်လည်း ရွေးကောက်ပွဲ ပြီးသည့်ကာလတွင် အကယ်၍ Proper Transition ဖြစ်ခဲ့ပါက နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။“ အခုက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ထားတာ ရှိပေမယ့် ဒါတွေက Permitted Amount တွေ ဖြစ်နေတယ်။ လုပ်ငန်းတွေက မစသေးဘူး။ ဒီပိုက်ဆံတွေက cash အနေနဲ့ ဝင်သေးတာလည်း မဟုတ်ဘူး။ တကယ်လို့များ ရွေးကောက်ပွဲ ပြီးနောက်ပိုင်း အခင်းအကျင်းတွေ ကောင်းလာခဲ့မယ်ဆိုရင် အခုစထားတဲ့ လုပ်ငန်းတွေက အဲဒီတော့မှ ဝင်လာကြမှာပါ ”ဟု Thura Swiss ၏ CEO ဒေါက်တာအောင်သူရက ပြောကြားသည်။    “ နိုင်ငံတကာ လုပ်ငန်းရှင်တွေက အခုတော့ စောင့်ကြည့်နေတဲ့ အနေအထား ရှိတယ်။Transition မှာ ဘာဖြစ်မလဲ။ ရွေးကောက်ပွဲက Free and Fair ဖြစ်မလား။ ချော့မွေ့မလား။ အဲဒါလေးတွေ လာကြည့်တာ။ ဘယ်ပါတီ နိုင်မလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဘယ်ပါတီနိုင်နိုင် Issue တွေ ထုတ်နိုင်ရမယ်။ ဥပမာ-အခွန်ကောက်တဲ့ ကိစ္စဆိုပါတော့ အခုဆိုရင် နယ်စပ်က လာတဲ့ပစ္စည်းတွေကို ကျွန်တော်တို့ အခွန်အပြည့်အ၀ မကောက်နိုင်ဘူး။ ဒါတွေ တိုးတက်အောင် လုပ်ရမယ်။ နောက်တစ်ခုက Government Sector Reform လုပ်ရမယ်။ Civil Servent Sector Reform လုပ်ရမယ်။ အခု ပြောနေတဲ့နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့လိုတယ်။ နောက်အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့လိုတယ်။ အဲဒီ Issue တွေက ဘယ်အစိုးရလာလာ ဖြေရှင်းနိုင်ရမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အောင်နိုင်သွားတဲ့ ပါတီတစ်ခုခုက ဒီ Solution တွေကို ရှာနိုင်မယ့် အတွေ့အကြုံ ရှိရဲ့လား။ နောက်ပြီး ဒါတွေကို သေသေချာချာ ဖြေရှင်းပေးပါ့မယ်ဆိုတဲ့ Political  Ways ကောရှိရဲ့လား။ ရှိတယ်ဆိုရင် တိုင်းပြည် တိုးတက်သွားလိမ့်မယ် ” ဟု Parami Energy ၏ CEO ဦးပြည့်ဝထွန်းက ပြောကြားသည်။ရင်းနှီးမြှုပ်နှံမှုတွင် ပြီးခဲ့သည့်နှစ်က ဒေါ်လာလေးဘီလျံ ခန့်မှန်းခဲ့သော်လည်း ၈ ဒသမ ၁ ဘီလျံ ဝင်ရောက်လာခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း လက်ရှိအချိန်တွင် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံသာ ရှိသေးသော်လည်း ပိုမို ဝင်ရောက်လာနိုင်သည့် အလားအလာရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက အပြုသဘောဖြင့် သုံးသပ်ကြသည်။

Most Read

Most Recent