သမိုင်းဆိုင်ရာ အဖြစ်အပျက် ဟူသည်မှာ အကောင်းအဆိုး အမျိုးမျိုး ရှိနေသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း များပြားစွာသော သမိုင်းဆိုင်ရာ အဖြစ်အပျက် အမျိုးမျိုးကို ဖြတ်သန်းကျော်လွန်ခဲ့ရပြီး ဖြစ်သည်။သမိုင်းကောင်းများ ရှိသလို၊ သမိုင်းဆိုးများလည်း ရှိခဲ့သည်။ အချို့သော သမိုင်းမှတ်တမ်းများက ဂုဏ်ယူစရာ၊ အလေးထားစရာ၊ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာများ ဖြစ်သည်။ သို့သော် အချို့သော သမိုင်းဆိုး အဖြစ်အပျက်များကမူ ထိတ်လန့်စရာ၊ တုန်လှုပ်စရာ၊ မသတီစရာ၊ အော့နှလုံးနာစရာများ ဖြစ်သည်။ယင်းအပြင် သမိုင်းဆိုင်ရာ အဖြစ်အပျက် မှတ်တမ်းများနှင့်အတူ ထင်ရှားခဲ့သော၊ ကျော်ကြားခဲ့သော၊ လေးစားဖွယ်ရာ နိုင်ငံ့အာဇာနည်များ၊ သူရဲကောင်းများလည်း များစွာရှိခဲ့သည်။ အလားတူပင် မည်သူမျှ တမ်းတချင်စရာ စကားအဖြစ် ထည့်သွင်းပြောဆိုရန် မလိုလားသည့် သမိုင်းဆိုးနှင့် လူပုဂ္ဂိုလ်များလည်း အများအပြားပင်။သမိုင်းကောင်းများအတွက် လက်ဆင့်ကမ်း ထိန်းသိမ်းခြင်း၊ အောက်မေ့တသခြင်းများ ပြုလုပ်ကြလေ့ ရှိသည်။ ထိုကဲ့သို့ပင် ဆိုးရွားသော သမိုင်း မှတ်တမ်းဆိုးများအတွက် နှောင်းလူများ သတိပြု ဆင်ခြင်ရန် ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း၊ သတိပေး ထုတ်ပြန်ခြင်းများကိုလည်း ပြုလုပ်ကြလေ့ ရှိသည်။ယခု စက်တင်ဘာလရှိ ရက်စွဲအချို့သည် မြန်မာ့သမိုင်း စာမျက်နှာများထဲမှ မှတ်မှတ်ထင်ထင် ဖြစ်စရာ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့သည့် လတစ်လလည်း ဖြစ်သည်။ သို့ဖြစ်ရာ စက်တင်ဘာလ ၁၈ရက်က ရွှေဝါရောင် တော်လှန်ရေး ရှစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေး၊ အခြေခံ ဒီမိုကရေစီ လူ့အခွင့်အရေးများ အပြည့်အ၀ ရရှိရေး၊ စစ်မှန်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ထို့အပြင် အချက်ခြောက်ချက်ပါ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သေးသည်။ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင် အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက်မှုကြောင့် ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများ၊ ဖမ်းဆီးခံ ဒီမိုကရေစီ အင်အားစု နိုင်ငံရေး အကျဉ်းသားများ၊ လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စ အစရှိသော ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဖမ်းဆီးချုပ်နှောင် ထောင်ကျနေသူများအား အမြန်ဆုံး လွှတ်ပေးရန်၊ မဲစာရင်းတွင် အမည်ပါဝင်သော မဲဆန္ဒရှင်များသည် လူနည်းစုသာ ချမ်းသာလျက် လူအများစုမှာ ဆင်းရဲသည်ထက် ဆင်းရဲလျက်ရှိရာ တန်းတူညီမျှသော ဆင်းရဲချမ်းသာ ဖြစ်နိုင်ခြေရှိသော အရပ်သားပါတီ အစိုးရကို အလိုရှိပါက အရပ်သားပါတီကို မဲထည့်ရန် တိုက်တွန်းကြောင်း ပါရှိသည်။ထို့ကြောင့် အတိတ် အဖြစ်အပျက်များသည် လည်းကောင်း၊ ပစ္စုပ္ပန် အခြေအနေများသည် လည်းကောင်း၊ ရောက်လာဦးမည့် အနာဂတ် ကာလသည် လည်းကောင်း လူတစ်ဦးတစ်ယောက်၊ တစ်စု တစ်ဖွဲ့မှသည် နိုင်ငံတစ်နိုင်ငံအထိ လွန်စွာအရေးပါသော အခြေအနေများအတွက် မှတ်ကျောက်တင်မည့် ကာလ အပိုင်းအခြားများပင် ဖြစ်ပါသည်။လုပ်ဆောင်မှု၊ ဖြစ်ပေါ်မှု အကောင်းအဆိုးကို အဆိုပါ ကာလယန္တရားက အဆုံးအဖြတ်ပေးမည်သာ ဖြစ်ပါသည်။ သို့ပါ၍ မိမိတို့ ဖြတ်သန်းပုံဖော်ခဲ့သော သမိုင်းဆိုင်ရာ အဖြစ်အပျက်များသည် လည်းကောင်း၊ လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များ အနေဖြင့် လည်းကောင်း မည်ကဲ့သို့သော သမိုင်းမှတ်တမ်းများ ချန်ထားခဲ့ကြမည်ကို သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်








