အများပြည်သူ အကျိုးစီးပွားနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး

အများပြည်သူ အကျိုးစီးပွားနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး
Published 17 September 2015

မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေသစ်အရ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအပေါ် တိုးမြှင့်လိုက်သည့် ဒဏ်ကြေးများအပေါ် သပိတ်မှောက်သည့် အနေဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း အများအပြား ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားသည့်အတွက် တက္ကသိုလ် စာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများနှင့် အများပြည်သူများ ခရီးသွားလာမှု အခက်အခဲများကို ရင်ဆိုင်နေရကြောင်း သိရသည်။ ဥပဒေအသစ်အရ စည်းကမ်းဖောက်ဖျက်သည့် အတွက် ပေးဆောင်ရမည့် ဒဏ်ကြေးများမှာ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ အထိ တိုးမြှင့်လိုက်သည့်အတွက် မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လိုင်း အများအပြားသည် ပြေးဆွဲခြင်းမပြုဘဲ ဆန္ဒပြခဲ့သည့်အတွက် မြို့ပြင်များရှိ တက္ကသိုလ် များသို့ စာမေးပွဲဖြေဆိုရန် သွားရောက်မည့် ကျောင်းသူကျောင်းသားများသည် စာမေးပွဲခန်း အတွင်းသို့ အချိန်မီ မရောက်ရှိခြင်းနှင့် အခြားအခက်အခဲများ ဖြစ်ပေါ်ခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။ ကျောင်းသူ ကျောင်းသားများ သာမက အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းများနှင့် နေ့စဉ်စားဝတ်နေရေး အတွက် ရုန်းကန်နေရသော ပြည်သူများသည် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကိုသာ အားကိုးနေရသူများ ဖြစ်ခြင်းကြောင့် ယင်းပြဿနာသည် ရန်ကုန်မြို့နေ ပြည်သူများအတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာသည်။
တစ်ဖက်မှကြည့်လျှင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သောကြောင့် ယင်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့အပေါ်၌ လုံးလုံးလျားလျား တာဝန်ရှိသည်။ ကမ္ဘာပေါ်တွင် နိုင်ငံများစွာတို့မှ အစိုးရများသည် လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းတရားများကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ထောက်ပံ့တာဝန်ယူမှု ပြုလုပ်ကြရသည်။ အစိုးရအဖွဲ့များ အနေဖြင့် ယင်းကဲ့သို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ထောက်ပံ့ရသည့် စေ့ဆော်ချက်များထဲတွင် ကိုယ်ပိုင်ကား အသုံးမပြုနိုင်သော ပြည်သူများ အခက်မကြုံစေရန်၊ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရန်နှင့် မော်တော်ယာဉ်တို့မှ ထုတ်လွှတ်သော ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် ကာဗွန်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန်တို့ ပါဝင်သည်။ အခြားစေ့ဆော် ချက်များထဲတွင် စီးပွားရေးနှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်လည်း ပါဝင်သည်။ ကမ္ဘာပေါ်တွင် အစိုးရ အထောက်အပံ့ မပါသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းဟူ၍ ရှားလှသည်။ အချို့သော သယ်ယူပို့ဆောင်ရေး စနစ်များကို အစိုးရက ပိုင်ဆိုင်ခြင်း သို့မဟုတ် လုပ်ကိုင်ခြင်းဖြစ်ပြီး အချို့မှာ ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း အကျိုးအမြတ်နည်းသော လုပ်ငန်းဖြစ်၍ အခြားကုမ္ပဏီများ ထက်ပို၍ အစိုးရက အထူးအကျိုးအမြတ်များ ပေးထားသည်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် အစိုးရတွင် လုံးလုံးလျားလျား တာဝန်ရှိသောကြောင့် အရာရာ အဆင်ပြေ ချောမွေ့စေရန် အစိုးရက ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကိုကြည့်လျှင် စည်းကမ်းမလိုက်နာသူများကို ဒဏ်ကြေးပေးဆောင် ခိုင်းခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် စည်းကမ်းလိုက်နာပါက ဒဏ်ကြေးငွေပမာဏကို ဂရုပြုရန် မလိုပါ။ ယင်းသည် ယခုကဲ့သို့ ဆန္ဒပြရန် လိုအပ်သောကိစ္စ မဟုတ်သည့်အပြင် မိမိတို့၏ လုပ်ဆောင်ချက်သည် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သော လုပ်ရပ်မျိုး ပြုသူတိုင်းသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ခံရမည်သာ ဖြစ်သည်။ အစိုးရ အနေဖြင့်လည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးသည် အများပြည်သူအတွက် ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သောကြောင့် ယင်းကိစ္စကို တာဝန်ယူဖြေရှင်း ပေးရမည် ဖြစ်သည်။ ထို့ကြောင့် အများပြည်သူ အကျိုးစီးပွားနှင့် ဆန့်ကျင်သော ခရီးသည်တင် ယာဉ်လိုင်းများ၏ ဖော်ပြပါ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချ ပါကြောင်းနှင့် အစိုးရအနေဖြင့် အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent