မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့ မဲစာရင်း ကြည့်ရှု စိစစ်ရန် လို

မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့ မဲစာရင်း ကြည့်ရှု စိစစ်ရန် လို
Published 16 September 2015

(စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း မဲစွယ်စည်းရုံး လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ ထို့အတူ အပြောင်းအလဲအတွက် မဲဆန္ဒရှင် ပြည်သူများ၏ အခန်းကဏ္ဍက အရေးပါလာပြီ ဖြစ်ပါသည်။စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်ရာ မဲဆန္ဒရှင်များ အနေဖြင့် မိမိတို့၏ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရန် မဲစာရင်း စစ်ဆေးရန် လိုအပ်လာပြီဖြစ်သည်။မဲဆန္ဒရှင် ဆိုသည်မှာ လွှတ်တော်ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးကို ခေါ်ခြင်းဖြစ်ပြီး၊ (က) ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ (ခ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ (ဂ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူများသည် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ ဖြစ်ပါသည်။ ထို့အပြင် မဲဆန္ဒရှင် တစ်ဦးချင်း၏ အခွင့်အရေးများကိုလည်း ပြဋ္ဌာန်းထားပါသည်။ “(က) လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် နေထိုင်ကြသော မဲဆန္ဒရှင်များက လျှို့ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးကောက် တင်မြှောက်ခွင့်ရှိသည်။ (ခ) ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးလိုက ပေးနိုင်ပြီး မပေးလိုက မပေးဘဲနေခွင့် ရှိသည်။ (ဂ) မိမိဆန္ဒပြုလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် ဆန္ဒမဲတစ်မဲသာ ပေးခွင့်ရှိသည်။ (ဃ) ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ဆန္ဒမဲ မပေးတတ်လျှင် မဲစာရင်း၌ ပါရှိသော မိမိ၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ် ကိုမောင်နှမအရင်း တစ်ဦးဦးအား မိမိညွှန်ကြားသည့်အတိုင်း ဆန္ဒမဲလက်မှတ်ပေါ်၌ လျှို့ဝှက်ဆန္ဒ ပြုစေနိုင်သည်။ ယင်းပုဂ္ဂိုလ်များ မရှိခဲ့လျှင် မဲရုံတွင် ဆိုပါက မဲရုံမှူးအား အကူအညီ တောင်းခံနိုင်သည်။ (င) မသန်စွမ်းသူ ဖြစ်နေလျှင် မဲစာရင်း၌ပါရှိသော မိမိ၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမ အရင်းတစ်ဦးဦး သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သောသူ တစ်ဦးဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခွင့် ရှိသည်။ (စ) ရွေးကောက်ပွဲ မကျင်းပမီသော် လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်သော် လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်းသော် လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဥပဒေနှင့်အညီ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းခွင့်ရှိသည်။ (ဆ) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၏ ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်း မိတ္တူမှန်ကို တစ်မျက်နှာလျှင် ငွေကျပ် ၁၀၀၀ ပေးဆောင်၍ လျှောက်ထားရယူခွင့် ရှိသည်။ (ဇ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းလျှောက်ထားနိုင်ခွင့် ရှိပါသည်။ (ဈ) ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်” ဟူ၍ ဖြစ်သည်။ရွေးကောက်ပွဲ ကော်မရှင်မှ ယခု ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်းသည် နောက်ဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်၍ မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိမရှိ၊ မှားယွင်း လွဲချော်မှုများ ရှိမရှိ စိစစ်သင့်ပါသည်။ သို့ပါ၍ မိမိနိုင်ငံအား ဂုဏ်သိက္ခာရှိသော နိုင်ငံအဖြစ် တည်ဆောက်ရန်၊ မိမိအပါအဝင် ပြည်သူအပေါင်း ခံစားနေရသော လူမှုဒုက္ခ၊ သုက္ခ အပေါင်းမှ လွတ်မြောက်ရန် အခွင့်အရေးဖြစ်သော မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အလေးထား လုပ်ဆောင်ကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

Most Read

Most Recent