မြန်မာနိုင်ငံနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
Published 15 September 2015

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံသည် စီးပွားရေး၌ တံခါးဖွင့်မူဝါဒကို စတင်ချမှတ်လိုက်ခြင်းဖြင့် အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပိုင်း၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ကို အကောင်အထည်ဖော်ခဲ့သည်။ ယင်းအပြောင်းအလဲကြောင့် ကမ္ဘာတစ်လွှားရှိ နိုင်ငံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ သို့သော် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်နှင့် အများစု ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုသည် အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပါဝင်သည့် အရှိန်အဟုန်တစ်ရပ်ကို ထိန်းသိမ်းထားနိုင်မှုပေါ်တွင် မူတည်နေသည်။ နောက်ပိုင်း၌ အရှိန်တန့်သွားခဲ့သော်လည်း မကြာသေးမီ နှစ်များအတွင်း FDI တိုးတက်လာမှုက အမှန်တကယ် အလားအလာ ကောင်းခဲ့သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်များသည် ပင်ကိုအတိုင်း အကန့်အသတ်များရှိသည်။
မြန်မာနိုင်ငံ၏ ၂၀၁၆ အလွန် စီးပွားရေးအလားအလာများနှင့် လာမည့်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆိုင်ရာ အခင်းအကျင်းများအား  Myanmar Global Investment Forum တွင် ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်တွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ ချီတုံချတုံ ဖြစ်နေကြကြောင်း သိရသည်။ Global Investment Forum တွင် ဦးဆောင်ဆွေးနွေးသူ ငါးဦး တက်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် အာရှဒေသဆိုင်ရာ  Euromoney Institutional Investor မှ အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ တိုနီရှေးက ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ရဲရဲတင်းတင်း လာရောက် ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ မြန်မာနိုင်ငံသည် မြန်မာ တစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်နှင့် အိန္ဒိယဈေးကွက်များရှိနေခြင်းနှင့် အာဆီယံနိုင်ငံတစ်ခု ဖြစ်နေခြင်းတို့ကြောင့် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအနေအထားနှင့်ပတ်သက်၍ ဘန်ကောက်ဘဏ် International Banking Group ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ကော့ဆက်ပူးထရာကူးက မြန်မာနိုင်ငံတွင် အခွင့်အလမ်းများစွာ ရှိနေသော်လည်း ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိုးရိမ်နေကြကြောင်း ပြောကြားခဲ့သည်။ ၎င်းက “ထိုင်းလုပ်ငန်းရှင်တွေ စိုးရိမ်ကြတာရှိပေမယ့် ကျွန်တော့်အမြင်ကတော့ စီးပွားရေးလုပ်ငန်းကဏ္ဍက အရေးကြီးတယ် ထင်ပါတယ်။ ကျွန်တော်တို့ထိုင်းနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ၁၅ နှစ်လောက်က စပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုအချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေး တက်လာတာတော့ တွေ့ရပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍရဲ့ စွမ်းဆောင်နိုင်မှုလည်း လိုပါတယ်။ ကျွန်တော်ကတော့ ရွေးကောက်ပွဲအပြီး ကာလမှာလည်း စီးပွားရေးလုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအတွင်းသို့  FDI များစွာ ဝင်ရောက်ရန် လိုအပ်သကဲ့သို့ ယင်းကို စေ့စပ်သေချာစွာ စိစစ်ရန်လည်း လိုအပ်သည်။ ထို့ကြောင့် ယင်းလုပ်ငန်းစဉ်တွင် မူဝါဒချမှတ်သူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများမှနေ၍ ထွက်ပေါ်လာမည့် ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို တွက်ချက်လျက် ချိန်ဆပြီး အမျိုးအစား သတ်မှတ်ခွဲခြား ရွေးချယ်ရန်လည်း လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent