အမေရိကန် ဒေါ်လာဈေးမာနေကာ ကျပ်ငွေတန်ဖိုး သိသိသာသာ ကျနေသည့်အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အခက်အခဲဖြစ်နေကြောင်း Myanmar Global Investment Forum တွင် ဆွေးနွေး

အမေရိကန် ဒေါ်လာဈေးမာနေကာ ကျပ်ငွေတန်ဖိုး သိသိသာသာ ကျနေသည့်အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အခက်အခဲဖြစ်နေကြောင်း Myanmar Global Investment Forum တွင် ဆွေးနွေး
Published 15 September 2015
အငယ်ထွေး၊ နီလာ

အမေရိကန် ဒေါ်လာဈေးမာနေသည့် အတွက် နိုင်ငံတကာ ငွေကြေးများ တန်ဖိုးများလည်း ကျဆင်းလာကြောင်း၊ အလားတူ ကျပ်ငွေတန်ဖိုး သိသိသာသာ ကျနေသည့်အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက်  အခက်အခဲ ဖြစ်နေကြောင်း Myanmar Global Investment Forum တွင် ဆွေးနွေးခဲ့ကြသည်။
“မြန်မာကျပ်ငွေ တန်ဖိုးက တော်တော်လေး ကျနေတာ။ ဖြစ်နေတာက မြန်မာ တစ်နိုင်ငံထဲတော့ မဟုတ်ဘူး။ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ထိုင်းဘတ်ဆိုရင်လည်း ဒေါ်လာနဲ့လဲရင်  ကျ ဆင်းနေတာ တွေ့ရတယ်။ ကျန်တဲ့ ငွေကြေးတွေဖြစ်တဲ့ မလေးရှားရင်းဂစ် တို့ဆိုရင်လည်း အဲလိုပဲ။ ဂျပန်ယန်းလည်း ဒီလိုပါပဲ။ အမေရိကန် ဒေါ်လာနဲ့ အခြားငွေကြေးတွေနဲ့ လဲတဲ့ နှုန်း (Cross Rate) တွေက ပြောင်းနေတယ်။ ဒါကြောင့် ဒါက ရင်းနှီးမြှုပ်နှံသူတွေအတွက် ခေါင်းခဲစေတယ်။ ဒါကြောင့် အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရင် ပြောင်းလဲမှုတွေထဲမှာ Stable ဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာကို ပြန်လေ့လာနေရပါတယ်။ မြန်မာနိုင်ငံမှာ Trade deficit ဖြစ်နေတယ် ဆိုတာလည်း ဒါပါပဲ”ဟု Bangkok Bank ၏ International Banking Group ၏ Executive Vice President ဖြစ်သူ Dr. Kobsak Pootrakool က ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံတွင်  Hyper Inflation ဖြစ်နေကြောင်း ၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ရှုထောင့်မှ ကြည့်ပါက အခြေအနေမှာ ရေရာသေချာမှု သိပ်မရှိကြောင်း၊ အလားတူ စိန်ခေါ်မှုများလည်း ရှိနေကြောင်း AYA Bank ၏ Chief Financial Officer & Advisor to Chairman ဖြစ်သူ Azeem Azimuddin က ဆိုသည်။
“မြန်မာနိုင်ငံရဲ့ Financial Sector မှာ ပြဿနာရှိပါတယ်။ ဘဏ္ဍာရေးကဏ္ဍကို အရည်အသွေး ပြည့်မီအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှလည်း နိုင်ငံတကာ ငွေရေးကြေးရေး လုပ်ငန်းတွေလည်း အလုပ်ဆက်လုပ်လို့ရမှာပါ။ အခုအချိန်အထိတော့ Myanmar Financial Institution Law ကလည်း ထွက်မလာသေးဘူး။ ဒီအထဲမှာ ဘာတွေပါလဲ ဆိုတာလည်း မသိရသေးဘူး” ဟု Azeem Azimuddin က သုံးသပ်ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း ဘဏ်အသုံးပြုမှု ဦးရေများစွာ နည်းနေသေးကြောင်းနှင့် ငွေရေးကြေးရေးနှင့်  ဘဏ္ဍာရေးကဏ္ဍများတွင် အဆင့်မြင့်တင်နိုင်ရန် လိုအပ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် ဘဏ်များ လည်ပတ်နေသော ငွေကြေးပမာဏသည် GDP ၏ ကိုးရာခိုင်နှုန်းသာရှိကြောင်း၊ အာ ဆီယံနိုင်ငံထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော  ကမ္ဘောဒီယားနိုင်ငံသည်ပင်လျှင် ၃၂ ရာခိုင် နှုန်း ရှိနေကြောင်းလည်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေသတွင်း နိုင်ငံများမှ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများလည်း တက်ရောက်ခဲ့ကြပြီး Developing Myanmar Financial’s Sector ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent