သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာ ၁၂၈၆ ကျပ်အထိ ဗဟိုဘဏ်က သတ်မှတ်လိုက်ရာ ယခုနှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ရာခိုင်နှုန်း ၃၀ ခန့် ထိုးဆင်း

သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာ ၁၂၈၆ ကျပ်အထိ ဗဟိုဘဏ်က သတ်မှတ်လိုက်ရာ ယခုနှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ရာခိုင်နှုန်း ၃၀ ခန့် ထိုးဆင်း
Published 15 September 2015
ဖြိုးဝေ

ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲနှုန်းအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ဆောင်လာခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း စက်တင်ဘာ ၁၅ ရက်တွင် အမြင့်ဆုံးဈေးကွက် ဖွင့်လှစ်မှုအဖြစ် ၁၂၈၆ ကျပ် အထိ မြန်မာကျပ်ငွေ တန်ဖိုးချ သတ်မှတ်လိုက်သဖြင့် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု ရာခိုင်နှုန်း ၃၀ ခန့် ဖြစ်ပေါ်လာနေကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် မတ်လအတွင်း စတင်မြင့်တက်ခဲ့ခြင်း ဖြစ်ကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခဲ့သည်။ ထို့နောက် ပြန်လည် ငြိမ်သက်သွားပြီး ယခုဘဏ္ဍာနှစ် မေလဆန်းပိုင်းတွင် ရောင်းဈေး ၁၀၉၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၀၉၃ကျပ် ဝန်းကျင်တွင် ရှိခဲ့သည်။ မေ ၆ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ဝယ်ဈေး ၁၀၉၈ ကျပ်ဝန်းကျင်၊ ရောင်းဈေး ၁၁၀၅ ကျပ်ဝန်းကျင် ရှိခဲ့ပြီး မေ ၇ ရက်တွင် ဝယ်ဈေး ၁၁၀၂ ကျပ်၊ ရောင်းဈေး ၁၁၁၇ ကျပ် ဝန်းကျင်မှစ၍ ဆက်တိုက် မြင့်တက်လာခဲ့ပြီး မေ ၁၃ ရက် အထိ တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၃၁ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံး မြင့်တက်ခဲ့သည်။
ဇွန်လဆန်းပိုင်းတွင် အစိုးရသစ် လက်ထက်အမြင့်ဆုံးအဖြစ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၃၀၀ ကျပ်ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့သည်။  ဒေါ်လာတန်ဖိုးသည် ဇွန်လ ပထမပတ်အတွင်း ၃၃ ကျပ်ဝန်းကျင်မြင့် တက်သွားပြီးနောက် ဇွန်ဒုတိယပတ်အတွင်း တစ်ရက်လျှင် ကျပ် ၃၀ ဝန်း ကျင် မြင့်တက်ခဲ့၍ တစ်ဒေါ်လာလျှင် ၁၂၄၀ကျပ် ဝန်းကျင်အထိ ရှိခဲ့သည်။
ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁၂၁၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၀၀ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု အဆိုးရွားဆုံးအဖြစ် ဇူလိုင်လတွင် ဗဟိုဘဏ်က လုပ်ဆောင်လိုက်ပြီး ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်သည့် ဈေးနှုန်း သတ်မှတ်မည်ဟုဆိုကာ ဇူလိုင် ၁၃ ရက်မှ စတင်၍ အမေရိကန် ဒေါ်လာဈေးကို တစ်ဒေါ်လာ ၇၅ ကျပ် ခုန်တက် လိုက်ပြီးနောက် ပြင်ပဈေးကွက်တွင် အမေရိကန် ဒေါ်လာဈေး ပိုမိုမြင့်တက်လာခဲ့သည်။ ထို့နောက် ဇူလိုင်လကုန်ပိုင်းတွင် မြန်မာကျပ်ငွေ တန်ဖိုးအား တစ် ဒေါ်လာလျှင် ၁၂၄၀ ကျပ်အဖြစ် မြင့်တက်လာခဲ့သည်။
သြဂုတ်လအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နှုန်းရှင်ငွေလဲနှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် တွင် အမေရိကန် တစ်ဒေါ်လာလျင် ၈၁၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ် ၂၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၁၂၈၅ ကျပ်အဖြစ် သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ ပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုမှာ ပိုမိုဆိုးရွားလာကာ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က တစ်ဒေါ်လာ ၁၂၈၆ ကျပ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် စတင်သတ်မှတ်ချိန်နှင့် လက်ရှိအချိန်တွင် ကျပ် ၄၇၀၀န်းကျင် ကွာဟလာခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု ရာခိုင်နှုန်း ၆၀ ခန့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဈေးကွက်အတွင်း မတည်ငြိမ်မှုများကြောင့် ဒေါ်လာဈေးနှုန်း ၁၀၂၅ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်မှုရှိခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ဘဏ်အချင်းချင်းအကြား အရောင်းအဝယ် ဖြစ်ပေါ်မှုမှာ အမေရိကန်ဒေါ်လာ ၂ သန်း ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၃၀ ရက်တွင် ၂ဒသမ ၄ သန်းကျော် အရောင်း အဝယ် ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် အမေရိကန်ဒေါ်လာ ၂ သန်း အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လများအတွင်း အမေရိကန် ဒေါ်လာခြောက်သန်းကျော်သာ အများဆုံး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဒေါ်လာဈေးများစွာ မြင့်တက်ခဲ့သည့် မေ၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ဘဏ်များနှင့် ပြည်သူများအကြား တရားဝင် ဈေးကွက်တွင်ပင် အရောင်းအဝယ် ဖြစ်ပေါ်မှုမှာ အမေရိကန်ဒေါ်လာ ခြောက် သန်းမှ ၁၁  သန်းကျော်အကြား နေ့စဉ် ဖြစ်ပေါ်လာနေကြောင်း သိရသည်။    
ထို့ပြင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသည့် အနေအထားမှာ နှစ်စမှလက်ရှိအချိန်အထိ ရာခိုင်နှုန်း ၃၀ ခန့် ဖြစ်ပေါ်လာနေခြင်း၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ် လေလံဝယ်ယူမှုများမှ ဗဟိုဘဏ်က ဈေးနှုန်းသတ်မှတ်သည့် အနေအထားဖြစ်သဖြင့် ပုဂ္ဂလိကဘဏ်များ၏ ထိန်းချုပ်မှုအောက်တွင် မြန်မာ့ဒေါ်လာ ဈေး ဖြစ်ပေါ်နေသည်ဆိုသည့် အခြေအနေအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်အား မေးမြန်းရာ ဦးဆက်အောင်ကိုသာ မေးမြန်းပါရန် ပြောဆိုခဲ့သည် ။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် လက်ရှိအချိန်တွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာမှုကို လျှော့ချနိုင်ရန် Contractionary Monetary Policy (ဈေးကွက်အတွင်းရှိ မြန်မာကျပ်ငွေကို ရည်ရွယ်ချက် ရှိရှိဖြင့် လျှော့ချနိုင်ရန် လုပ်ဆောင်ခြင်း မူဝါဒ) ကို ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၏     ‘မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ၌ လက်ရှိဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ’ စာတမ်းတွင် ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်မှုမရှိဘဲ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု ဆိုးရွားလာနေခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ဆောင်မှုကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေခြင်းမှာ ဗဟိုဘဏ်အနေနှင့် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်ထားသည့် လူတစ်စုအတွက် လုပ်ဆောင်ပေးနေခြင်းမျိုး လုပ်ဆောင်၍ မရကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင်က ထောက်ပြခဲ့ပြီး လက်ရှိအချိန်တွင် ဒေါ်လာဈေးမြင့်တက်၍ ပြည်သူများ စားဝတ်နေရေး ကျပ်တည်းနေရသည့် အခြေအနေများအတွက် ဗဟိုဘဏ်၏ လုပ်ဆောင်မှုအပေါ် မှတ်ချက်ပြုရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာညိုညိုသင်းအား မေးမြန်းရာ ဗဟိုဘဏ်၏ လုပ်ဆောင်မှုများသည် ဗဟိုဘဏ်၏ သမိုင်းကိုသာ ဖော်ပြသွားမည်ဖြစ်ကြောင်း တုန့်ပြန် ပြောကြားသည်။         
 

Most Read

Most Recent