နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ယခုအစိုးရ လက်ထက်မှ စ၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ အပါအဝင် လွှတ်တော် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် ဆင်နွှဲကာ ဒီမိုကရေစီနှင့် သက်ဆိုင်သော စာတမ်းများ ဖတ်ကြားလေ့ ရှိသည်။ယနေ့တွင်လည်း ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပဦးမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးနယ်ပယ်မှ တာဝန်ရှိသူများ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ကြမည် ဖြစ်သည်။ဒီမိုကရေစီ စနစ်တွင် ဘုံသဘောဆောင်သော စရိုက်လက္ခဏာများ ရှိသော်လည်း ဒီမိုကရေစီ စနစ်တွင် တစ်ခုတည်းသော ပုံစံဟူ၍ မရှိပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ အစိုးရအဖွဲ့များအား ဒီမိုကရေစီ မြှင့်တင်ရေးနှင့် အပြည့်အ၀ အကောင်အထည်ဖော်ရေး တွန်းအားပေးရန်အတွက် စက်တင်ဘာ ၁၅ ရက်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် သီးခြား တောင်းဆိုချက်များကိုလည်း ထည့်သွင်းစဉ်းစား လုပ်ဆောင်ခြင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့် အညီ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းတို့ကို ဒီမိုကရေစီ မြှင့်တင်ရာ၌ ထည့်သွင်း အကောင်အထည် ဖော်ကြရသည်။ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရဦးမည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ စောင့်ကြည့်၍ အစီရင်ခံစာ ထုတ်ပြန်ခြင်းများ ပြုလုပ်လေ့ ရှိသည်။ ထိုအထဲတွင် Freedom House ၏ အစီရင်ခံစာလည်း အပါအဝင် ဖြစ်သည်။ Freedom House ၏ ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း သွေဖည်နေပြီး လွတ်လပ်မှုညွှန်းကိန်း ကျဆင်းနေကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် အာဆီယံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ထိုင်းတို့နှင့် အတူ လွတ်လပ်မှုညွှန်းကိန်း အဆင့် ၆ တွင် ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံက လွတ်လပ်မှုနှုန်း အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို ဒေသ ၁၅ ခုခွဲ၍ သုံးသပ်အစီရင်ခံခြင်းဖြစ်ပြီး နိုင်ငံတစ်ခုချင်းစီ၏ လွတ်လပ်မှု ညွှန်းကိန်းကို အဆင့် ၁ မှ ၇ အထိ သတ်မှတ်ရာ၌ မြန်မာက အဆင့် ၆ တွင် ရပ်တည်ခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်သူများနှင့် ဂျာနယ်လစ်များ အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းများသည် နိုင်ငံတကာက စံသတ်မှတ်ချက်အရ တိုးတက်မှုအတွက် အဓိကအချက်များ ဖြစ်နေသည်။ဒီမိုကရေစီဟူသည်မှာ အပြည်ပြည်ဆိုင်ရာ စံတန်ဖိုးတစ်ရပ်အဖြစ် ပြည်သူများ၏ နှစ်သက်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စနစ်များအတွက် ၎င်းတို့၏ ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်နိုင်သည့် အခြေခံအချက်တွင် ပါဝင်သည်။ သို့ပါ၍ မြန်မာနိုင်ငံသားများအတွက် ဒီမိုကရေစီ အပြောင်းအလဲများ အမှန်တကယ် လိုအပ်နေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








