တာဝန်ယူမှုနှင့် ရွေးချယ်မှု

တာဝန်ယူမှုနှင့် ရွေးချယ်မှု
Published 12 September 2015

တာဝန်ယူမှုဟူသည် တစ်စုံတစ်ရာကို ပြုလုပ်ရန် တာဝန် သို့မဟုတ် ဝတ္တရားရှိခြင်း ဖြစ်သည်။ တာဝန်ယူလိုက်ခြင်းသည် မိမိ ပြုလုပ်လိုက်သော ရွေးချယ်မှုများ၊ မိမိယူလိုက်သော လုပ်ဆောင်ချက်များနှင့် ယင်းလုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသော ရလဒ်များကို သိရှိလက်ခံခြင်း ဖြစ်သည်။စစ်မှန်သော မိမိကိုယ်မိမိ အုပ်ချုပ်ခွင့် (လွတ်လပ်ခွင့်)  သို့မဟုတ် လုပ်ပိုင်ခွင့်က တာဝန်ရှိခြင်းနှင့် တာဝန်ယူခြင်း နှစ်ရပ်စလုံးဆီသို့ ဦးတည်သွားသည်။ တာဝန်ယူခြင်း ဟူသည် ဘဝတွင် မိမိ၏ အခန်းကဏ္ဍကို ဖြည့်ဆည်းခြင်း ဖြစ်သည်။တာဝန်ယူမှုသည် မိမိ ဂုဏ်သိက္ခာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ဂုဏ်သိက္ခာသည် မိမိတွေးတောသမျှ မိမိပြောဆိုသမျှ မိမိပြုလုပ်သမျှတို့နှင့် ထပ်တူကျသည်။ တာဝန်ယူမှုသည် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် အပေးယူမျှသော ဆက်ဆံရေးတို့ကို ထိန်းသိမ်းရန် မရှိမဖြစ် အရေးပါသည်။ရွေးချယ်မှု မပါသော တာဝန်ယူမှုသည် ညှဉ်းပန်းမှုတစ်ရပ် ဖြစ်သည်။ ဓားစာခံများနှင့် မှားယွင်းစွာ စွပ်စွဲခံရသော သို့မဟုတ် လွဲမှားစွာ ပြစ်တင်ခံရသော အခြားအပြစ်မဲ့သူများ ခံစားရသည့် ကြေကွဲဖွယ် ကျိန်စာဖြစ်သည်။ တာဝန်ယူမှု မပါသော ရွေးချယ်မှုသည် လောဘကြီးမှု ဖြစ်သည်။ ယင်းသည် တစ်စုံတစ်ရာအား အလကား ရယူရန် တစ်ကိုယ်ကောင်းဆန်ဆန် ကြိုးပမ်းမှု ဖြစ်သည်။လူလိမ်များ၊ လူပေါ်ကြော့များ၊ အတ္တသမားများနှင့် အာဏာရှင်များ၏ အသုံးမကျသော အန္တရာယ်ကြီးသော လွန်ကဲမှုဖြစ်သည်။ တာဝန်ယူမှုမှ ထွက်ပြေးခြင်းသည် မိမိနှင့် ဆက်စပ် ပတ်သက်နေသော သာမန်လူများအတွက် ကြေကွဲဖွယ် ဖြစ်ရပ်များကို ဖြစ်စေသည့် အခြေခံ အကြောင်းတရား ဖြစ်သည်။မိမိတို့၏ ရွေးချယ်မှုများအတွက် တာဝန်ယူမှုက အပြန်အလှန် သဘောတရား အနှစ်ချုပ်ဖြစ်ပြီး ယုံကြည်မှုအတွက် အခြေခံဖြစ်သည်။ တာဝန်ယူမှုသည် မိမိတို့ ရွေးချယ်လိုက်သော လုပ်ဆောင်ချက်များနှင့် ထပ်တူညီသည့် မိမိတို့၏ တန်ဖိုးများကို သတ်မှတ်ပေးသော အရာဖြစ်သည်။တာဝန်ယူမှုကပင် ရွေးချယ်မှုကို ဖော်ထုတ်သည်။ မိမိတို့ တွေးတောသမျှ ဆုံးဖြတ်သမျှ ရွေးချယ်သမျှ လုပ်ဆောင်သမျှ အချိန်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ယူမှုကို ကျင့်သုံးနေခြင်း ဖြစ်သည်။ မိမိတို့၏ ရွေးချယ်မှုများအတွက် တာဝန်ယူမှုကို လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းသည် အခြားသူများက လက်ခံနိုင်ဖွယ် ရှိသည်ဟု ယူဆသည့် ရွေးချယ်မှု အတိုင်းအတာကို တိုးပွားစေသည်။ယင်းသည် အပြန်အလှန် နားလည်မှုကို မလျော့ကျစေဘဲ လုပ်ပိုင်ခွင့်ကို တိုးမြှင့်နိုင်သည့် အခွင့်အလမ်းကို ပေးသည်။ မိမိတို့အနေဖြင့် အမြဲတမ်း ပို၍တာဝန်ယူမှု ရှိလာပြီး ယင်းတို့ထဲမှ ရွေးချယ်ရမည့် တာဝန် လျော့နည်းလာသည်။လူတို့သည် နေ့စဉ်နှင့်အမျှ ရွေးချယ်မှုများ ပြုလုပ်နေရသည်။ မိမိဘာသာ ရွေးချယ်ခွင့်ကို လူတိုင်း လိုချင်ကြသည်။ ရွေးချယ်ခွင့်ဟူသည် မိမိကိုယ်မိမိ အုပ်ချုပ်ခွင့် ဖြစ်သကဲ့သို့ မိမိ၏ လုပ်ပိုင်ခွင့်နှင့် မိမိ၏ လွတ်လပ်ခွင့်လည်း ဖြစ်သည်။ သို့သော် ရွေးချယ်မှုနှင့် ကပ်လျက်သား ပါလာသော တာဝန်ယူမှုကိုမူ သတိမမူမိကြပေ။အချို့သည် ရွေးချယ်မှုများကိုသာ ပြုလုပ်လိုကြပြီး တာဝန်ယူမှုကို ရှောင်လွှဲလိုကြသည်။ ထို့ကြောင့် လူတိုင်းသည် မိမိတို့၏ ရွေးချယ်မှုနှင့် အတူပါလာသော တာဝန်ယူမှုများကို မှန်ကန်စွာ လုပ်ဆောင်ခြင်းဖြင့် မိမိ၏ လူ့ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးများကို မြှင့်တင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်) 

Most Read

Most Recent