ဖဲကြိုးနက်၊ ဖဲကြိုးဝါ၊ ဖဲကြိုးပြာ၊ Failed Law လှုပ်ရှားမှုများနှင့် မဖြေရှင်းနိုင်သေးသော ပြဿနာများ

ဖဲကြိုးနက်၊ ဖဲကြိုးဝါ၊ ဖဲကြိုးပြာ၊ Failed Law လှုပ်ရှားမှုများနှင့် မဖြေရှင်းနိုင်သေးသော ပြဿနာများ
Published 11 September 2015

စက်တင်ဘာ ၁၁ ရက်တွင် မန္တလေးမြို့ရှိ လျှပ်စစ် အင်ဂျင်နီယာများက အပြာရောင် ဖဲကြိုးများ တပ်ဆင်ကာ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၌ တပ်မတော် အငြိမ်းစားများ ဝင်ရောက်မှုအပေါ် ကန့်ကွက်မှု ပြုလုပ်ခဲ့ကြသည်။မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတွင် ဖွဲ့စည်းပုံ ပြောင်းလဲကာ တပ်မတော် အငြိမ်းစားများအား လျှပ်စစ် အင်ဂျင်နီယာများ၏ နေရာတွင် အစားထိုးခြင်းနှင့် အင်ဂျင်နီယာများ၏ အထက်တွင် ဝင်ရောက် စီမံဆောင်ရွက်မည်ကို လက်မခံနိုင်သောကြောင့် ပြုလုပ်ကြခြင်း ဖြစ်သည်။ဤကဲ့သို့ ဖဲကြိုးပြာ လှုပ်ရှားမှု ပြုလုပ်လာသောကြောင့် မြန်မာနိုင်ငံတွင် တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ပေးမှုအပေါ် သုံးခုမြောက် ကန့်ကွက်လှုပ်ရှားမှု ပြုလုပ်လာခြင်းပင် ဖြစ်သည်။ ဖဲကြိုးပြာ လှုပ်ရှားမှု မတိုင်မီတွင် ဖဲကြိုးနက် လှုပ်ရှားမှုနှင့် ဖဲကြိုးဝါ လှုပ်ရှားမှုများ အသီးသီး ပြုလုပ်နေကြပြီ ဖြစ်သည်။Black Ribbon Movement 2015 ဟူသော အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာများမှ စတင်ကာ Campaing တစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ဌာနများသို့ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်းအပေါ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို)နှင့် အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့ (ရန်ကုန်) တို့မှလည်း သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။“ ကျန်းမာရေး ဝန်ကြီးဌာန၏ ရာထူးနေရာများ ခန့်ထားရာတွင် သင့်လျော်သော အရည်အချင်း ပြည့်စုံမှု၊ အတွေ့အကြုံ ပြည့်ဝမှု၊ လူမှန်နေရာမှန် ဖြစ်မှုတို့ကို ဦးစားပေး စဉ်းစားပြီး အခွင့်အလမ်း သာတူညီမျှ၍ ပွင့်လင်းမြင်သာရှိမှသာ ဝန်ထမ်းများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု၊ ဂိုဏ်းဂဏဖွဲ့မှု၊ စိတ်ဓာတ် ပျက်ပြားမှုတို့ကို ရှောင်ရှားနိုင်မည်ဟု ခံယူကြောင်းနှင့် သို့မှသာ နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ပြည်သူ့ ကျန်းမာရေးလုပ်ငန်း အောင်မြင်နိုင်မည် ဖြစ်ကြောင်း ” ထုတ်ပြန်မှုတွင် ပါရှိခဲ့သည်။အလားတူပင် ဖဲကြိုးဝါ လှုပ်ရှားမှုသည်လည်း စစ်ဘက်မှ အရာရှိများအား တရားရေး ဌာနများတွင် ဝင်ရောက် ခန့်အပ်ခြင်းအပေါ် ကန့်ကွက်သည့် လှုပ်ရှားမှုအဖြစ် နေပြည်တော်မှ စတင်ကာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ယိုင်နဲ့နေသည့် တရားစီရင်ရေး မဏ္ဍိုင်အား ပြန်လည် ထိန်းကျောင်း တည့်မတ်ရန်အတွက် တရားရေး ဌာနများ၏ ထိပ်ပိုင်းနေရာများတွင် လုပ်ငန်း ကျွမ်းကျင်မှုရှိပြီး နားလည်သည့် ဥပဒေ ပညာရှင်များကိုသာ နေရာပေးသင့်ပြီး တပ်ဘက်မှ ပြောင်းလာသည့် ပုဂ္ဂိုလ်များအား နေရာပေးခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ထိုသို့ ဖဲကြိုးဝါ လှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေများက ဆိုသည်။ထို့အပြင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ Failed Law လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။  မတရားသော ဥပဒေများကို ဆန့်ကျင်ခြင်းနှင့် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား စသည်တို့ကို ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။သို့ပါ၍ ကန့်ကွက်မှုများ ပေါ်ပေါက်ပါက မည်သည့် အကြောင်းရင်းက အဓိကဖြစ်သည်ကို ဆန်းစစ် အဖြေရှာ ဖြေရှင်းကြရမည် ဖြစ်သည်။ ထို့ကြောင့် မည်သို့သော စနစ်အမှားများ ရှိခဲ့သည်ဖြစ်စေ ပြောင်းလဲပြုပြင်ချိန် တန်ပါက ဖြစ်ပေါ်နေသော ခေတ်စနစ် အခြေအနေကို မျက်ကွယ်ပြု၊ လျစ်လျူရှု၍ မရတော့သည်ကို သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်) 

Most Read

Most Recent