လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသည် ခြစားမှု၊ ရာဇဝတ်မှု၊ အခွန်ရှောင်မှုများနှင့် ဆက်နွှယ်သော ငွေမည်း အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့်ကို ဆုံးရှုံးခဲ့ရသည်ဟု အမေရိကန် အခြေစိုက် Global Financial Integrity (GFI) သုတေသနအဖွဲ့၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။ ယင်းသည် အစိုးရ၏ အခွန်ငွေကို ထိခိုက်စေပြီး မြေအောက်စီးပွားရေး ကြီးထွားစေရန် အားပေးအားမြှောက် ပြုနေသည်။ တရားမဝင် ကုန်သွယ်ခြင်းနှင့် မူးယစ်ဆေး၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာနှင့် အခြားကုန်ပစ္စည်းများ မှောင်ခို ကုန်ကူးခြင်းတို့သည် မြန်မာနိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်စေသည်။ တရားမဝင် ငွေကြေးစီးဆင်းမှုသည် စီးပွားရေးဈေးကွက် ဖွင့်ခဲ့သည့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အရှိန်မြင့်လာခဲ့ပြီး လွန်ခဲ့သည့် နှစ် ၅၀ အတွင်း ငွေကြေး စီးထွက်မှုကဲ့သို့ပင် လေးဆပိုမို များပြားလာခဲ့သည်။
“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးယိုစိမ့်မှု အရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်မယ်။ တရားမဝင် ငွေကြေးစီးဆင်း မှုတွေကြောင့် အခွန်ငွေဆုံးရှုံးမှုတွေက အရေးပါတဲ့ ပြည်သူ့ဘဏ္ဍာငွေ ပမာဏကို လုယူနေတာမို့ ဒါဟာ နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်” ဟု ယခုအစီရင်ခံစာကို ပူးတွဲရေးသားသူ GFI ၏ စီးပွားရေးပညာရှင် ဂျိုးဇက်စပင်ဂျာက သွန်မဆင်ရိုက်တာ ဖောင်ဒေးရှင်းသို့ ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်အထိ နှစ် ၅၀ နီးပါးကြာအောင် စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ ရှိနေစဉ်အတွင်း ဖယ်ကြဉ်ထား ခံရခြင်းနှင့် ကုန်သွယ်ရေး ကန့်သတ်ထိန်းချုပ်ထား ခံရခြင်းတို့က ငွေလဲလှယ်မှုနှုန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများနှင့် ပူးပေါင်းသွားပြီး မြန်မာနိုင်ငံ မြေအောက်စီးပွားရေး၏ စဉ်ဆက်မပြတ် ရှိနေသော တစ်စိတ်တစ်ဒေသကို တွန်းအားပေးလျက် ရှိသည်ဟု GFI က ပြောကြားခဲ့သည်။
၁၉၆၀ မှ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရားမဝင် ငွေကြေးစီးဆင်းမှုများသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလျံရှိပြီး ယင်းသည် မြန်မာနိုင်ငံ၏ ပျမ်းမျှယူထားသော နှစ်စဉ် ဂျီဒီပီ၏ ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ဟု GFI က ဆိုသည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်သည့် တရားမဝင် ငွေကြေးသည် အမေရိကန် ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံရှိရာ တရားမဝင် ကုန်ကူးမှုသည် နိုင်ငံ၏ အဓိကစီးပွားရေး အစိတ်အပိုင်း ဖြစ်ကြောင်း ပြနေသည်။ တရားမဝင် ငွေကြေးစီးဆင်းမှု စုစုပေါင်းသည် ကျန်းမာရေး အသုံးစရိတ်၏ ၁၇၂ ရာခိုင်နှုန်းနှင့် ပညာရေး အသုံးစရိတ်၏ ၇၃ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း တွေ့ရှိရရာ အစိုးရ၏ အခွန်ငွေ ဆုံးရှုံးရမှုသည် အရေးကြီးသော ပမာဏ ရှိနေကြောင်း ပြသနေသည်။
လေ့လာချက် ပြုလုပ်ခဲ့သည့် နောက်ဆုံးလေးနှစ်အတွင်း အခွန်ငွေဆုံးရှုံးမှု ရာခိုင်နှုန်း ၃၀ ခန့်ရှိပြီး ၂၀၁၃ ခုနှစ် တစ်နှစ်တည်း၌ပင် စည်းကြပ်မှုမရှိသော ငွေကြေးစီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့် (ဂျီဒီပီ၏ ရာခိုင်နှုန်း ၂၀ ကျော်) ရှိသည်ဟု စပင်ဂျာက ပြောကြားခဲ့သည်။ သူက “ဒါက လူတချို့ဟာ စီးပွားရေး အခွင့်အလမ်း ပွင့်လာမှုကို ကိုယ်ကျိုးရှာရာမှာ နိုင်ငံက ကျန်တဲ့သူတွေကို ထိခိုက်နစ်နာသွားစေပြီး အသာစီး ရယူနိုင်ခဲ့တယ် ဆိုတာကို ပြနေပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် GFI က သုံးသပ်သကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ပိုမိုတိုးတက်အောင် ပြုလုပ်လျက် ကမ္ဘာ့ဈေးကွက်၏ အချိန်နှင့်တစ်ပြေးညီ ဈေးနှုန်း အစစ်အမှန်ဆီသို့ ဦးတည်ရေးနှင့် ကုန်သွယ်ရေး အခြေပြု ငွေကြေးခဝါချခြင်းကို လျှော့ချဖြတ်တောက်ရေး အပါအဝင် အချက်အလက် စုဆောင်းခြင်းနှင့် အချက်အလက် အရည်အသွေး မြှင့်တင်ခြင်းတို့အား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








