ဂုဏ်ယူစရာမဟုတ်သော ကမ္ဘာ့အဆင့်သတ်မှတ်ခံရမှုများ

ဂုဏ်ယူစရာမဟုတ်သော ကမ္ဘာ့အဆင့်သတ်မှတ်ခံရမှုများ
Published 9 September 2015

(စက်တင်ဘာ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ပတ်သက်သော အဆင့်သတ်မှတ်မှုများတွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ပါဝင်လေ့ရှိသည်။ အဆင့်သတ်မှတ်မှုများနှင့် ပတ်သက်၍ ပုံသဏ္ဌာန်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး ကွာခြားပြီး အဆိုးအကောင်းဟူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် အမျိုးအစားမျိုးစုံရှိနေသည်။ ၁၉၆၀ ဝန်းကျင်ကာလများအထိ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစရာ၊ အမြင်တင့်စရာ အခြေအနေများ ရှိခဲ့ရာမှ နောက်ပိုင်းတွင် နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်ဆိုးကြောင့် ယခုအချိန်တွင် ဂုဏ်ယူစရာမဟုတ်သော ကမ္ဘာ့အဆင့်သတ်မှတ်ခံရမှုများတွင် ပါဝင်နေရသည့်အနေအထားမျိုး ရောက်ရှိခဲ့ရသည်။
ယခုနောက်ဆုံး ထွက်ရှိခဲ့သော အဆင့်သတ်မှတ်ချက်အရ ကမ္ဘာတွင် တတိယမြောက် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးနိုင်ငံများစာရင်း ဝင်သွားပြီဖြစ်သည်။  စက်တင်ဘာ ၇ ရက်က ကမ္ဘာ့ကုလသမဂ္ဂနှင့် စားနပ်ရိက္ခာဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာ့သစ်တောအများဆုံးပြုန်းတီးနေသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံများနောက်၌ တတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် နှစ်စဉ်သစ်တောပြုန်းတီးမှု ဟတ်တာ ငါးသိန်းလေး သောင်းကျော်ရှိနေပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံးနိုင်ငံများတွင် အများဆုံး ပြုန်းတီးမှုပမာဏဖြစ်နေ သည်။ တရားမဝင်နှင့် တရားဝင်သစ်ခုတ်မှုများကြောင့် ၂၀၀၂ ခုနှစ်တွင် ၂၅၆၀၅၉၁၂ ဒသမ ၅၁ ဟက်တာမှ ၂၀၁၃ ခုနှစ်တွင် ၂၅၇၁၁၃၁၈ ဒသမ  ၅၂ သာ ကျန်ရှိတော့ပြီး ၁၁ နှစ်အတွင်း ၁၀၅၄၀၆ ဒသမ ၀၁ ဟက်တာ လျော့နည်းသွားကာ ရော်ဘာ၊ ဆီအုန်းစသည့် သစ်တောများ အစားထိုးစိုက်ပျိုးရန် ခုတ်ယူမှုကြောင့် ဟတ်တာပေါင်း ၅၇၀၉၄၅ ဒသမ ၇၅ ဟတ်တာဆုံးရှုံးခဲ့ကြောင်း သိရသည်။ လက်ရှိ သစ်တောဆုံးရှုံးမှုများတွင် ရွှေ့ပြောင်းတောင်ယာကဲ့သို့ မြေယာချဲ့ထွင်စိုက်ပျိုးမှုများကြောင့် သစ်တောပြုန်းတီးမှုမှာ စုစုပေါင်း သစ်တောပြုန်းတီးမှုများ၏ အများဆုံးအထိဖြစ်ပေါ်နေပြီး ၁၁ နှစ်အတွင်း ၁၅၄၄၇၁၆ ဒသမ ၃၄ ဟက်တာအထိ ဆုံးရှုံးနေသည်။
ထို့အပြင် ဆင်းရဲမွဲတေမှုအခြေအနေတွင် ဒေသတွင်းနိုင်ငံများအနက် ဆင်းရဲမှု အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆင်းရဲနွမ်းပါးသူအများစုသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် အများဆုံးဟု သိရသည်။ လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်မှုနိမ့်ကျခြင်း၊ မြေယာမပိုင်ဆိုင်မှုနှင့် အခြေခံအဆောက်အအုံအားနည်းခြင်း၊ ပဋိပက္ခနှင့် လူမျိုးရေးပြဿနာများ၊ အစိုးရ၏မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်အချို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏သတ်မှတ်ချက်တွင် ဆင်းရဲနွမ်းပါးမှုကို အကြမ်းအားဖြင့် တစ်ရက်လျှင် ၁ ဒသမ ၂ ဒေါ်လာအောက်ဝင်ငွေသာ ရရှိသူများကို ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက် (Poverty Line)အောက် ရောက်သူများအဖြစ် သတ်မှတ်ထားသည်။ အဂတိလိုက်စားမှုတွင်လည်း အဆင့် ၉ တွင် ရပ်တည်နေသည်။ ဘိန်းထွက်ရှိမှု နှင့် မူးယစ်ဆေးဝါးပြဿနာများနှင့် ပတ်သက်၍ အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားသည်။
The World Justic Project ၏ စစ်တမ်းတစ်ခု (၂၀၁၄ ညွှန်းကိန်း) တွင် မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံ ၁၅ နိုင်ငံအနက် အဆင့် ၁၄ တွင်ရှိနေပြီး စစ်တမ်းကောက်ယူသော နိုင်ငံပေါင်း ၉၉ နိုင်ငံတွင် အဆင့် ၈၉ ဖြစ်နေသည်။
သို့ပါ၍ ဂုဏ်ယူစရာမဟုတ်သော ကမ္ဘာ့အဆင့်သတ်မှတ်ခံရမှုများမှ ရုန်းထွက်ရန် စစ်မှန်သော အပြောင်းအလဲကောင်းဖန်တီးနိုင်သူများ လိုအပ်နေပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent