သူတို့ မဲဆွယ်ကြတော့မည်

သူတို့ မဲဆွယ်ကြတော့မည်
Published 7 September 2015

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများ စက်တင်ဘာ ၈ ရက် (ယနေ့) မှစ၍ ပြုလုပ်ကြတော့မည်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက်များကိုလည်း အစိုးရရုပ်သံနှင့် အသံလွှင့် (ရေဒီယို) အစီအစဉ်များတွင် စတင်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၉၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာရှိရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် ၁/၂၀၁၄ နှင့်အညီ ဆောင်ရွက်ကြရန်နှင့် ၂၀၁၅ ဇွန် ၂၆ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for Political Parties and Candidates) ကို စောင့်ထိန်းလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ထားသည်။ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားသည်။ရွေးကောက်ပွဲကျင်းပရန် ရက် ၆၀ ကျော်သာ လိုတော့သည်။ မကြာခင် ကျရောက်လာတော့မည့် ရွေးကောက်ပွဲဝင် ပါတီအသီးသီးမှ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အသီးသီးအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများကို မြင်တွေ့ရတော့မည်ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်လောင်း အသီးသီး၏ ပြည်သူသို့ ပြောကြားလာမည့် ပြောစကားများ၊ ကတိစကားများအားလည်း ကြားသိကြရဦးမည် ဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပြန်လည်ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်ရွေးကောက်ပွဲ အတွေ့အကြုံများအရ ပြည်သူအများစုမှာ အချို့ကိုယ်စားလှယ်များ၏ ပြောကြားချက်နှင့် လက်တွေ့ဆောင်ရွက်ချက်များကို နှိုင်းယှဉ်နိုင်ကြမည် ဖြစ်ပါသည်။ အလားတူပင် သက်ဆိုင်ရာ နိုင်ငံရေးပါတီအလိုက် မည်သို့သော မူဝါဒများ၊ ရပ်တည်ချက်များဖြင့် မဲဆွယ်စည်းရုံးခဲ့ကြပြီး မည်သို့ လက်တွေ့လုပ်ဆောင်ကြသည်၊ မည်သို့သော ရလဒ်များ ဖန်တီးကြသည်ကိုလည်း ပြည်သူများကိုယ်တိုင် သိရှိနိုင်သည့် အနေအထားပင် ဖြစ်ပါသည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ကမ္ဘာတွင် အောက်တန်းနောက်တန်း ကျနေရသည့် အနေအထားမှ အမှန်တကယ် လိုအပ်နေသော အပြောင်းအလဲနှင့် စနစ်ကောင်းများ ဖန်တီးနိုင်ရန် အရေးပါသော အခွင့်အလမ်း ဖြစ်ပါသည်။ မိမိကိုယ်ကျိုး အတ္တထက် နိုင်ငံနှင့် လူမျိုးအတွက် အမှန်တကယ် လုပ်ဆောင်နိုင်သော ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များ၊ အပြောနှင့်အလုပ် လက်တွေ့ကျသူများကို မှန်မှန်ကန်ကန် မဲပေးရွေးချယ်နိုင်ရေးမှာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent