ဆိတ်ဆိတ်နေသူများ

ဆိတ်ဆိတ်နေသူများ
Published 5 September 2015

 
ပထမတော့ သူတို့ ကွန်မြူနစ်တွေအတွက် ရောက်လာတယ်။ ကျွန်တော် ဘာမှထွက်မပြောဘူး။ ကျွန်တော်က ကွန်မြူနစ်မှ မဟုတ်တာ။ နောက်တော့ သူတို့ အလုပ်သမား သမဂ္ဂဝင်တွေအတွက် ရောက်လာတယ်။ ကျွန်တော် ဘာမှ ထွက်မပြောဘူး။ ကျွန်တော်က အလုပ်သမား သမဂ္ဂဝင်မှ မဟုတ်တာ။ နောက်တော့ သူတို့ ဂျူးတွေအတွက် ရောက်လာတယ်။ ကျွန်တော် ဘာမှ ထွက်မပြောဘူး။ ကျွန်တော်က ဂျူးမှ မဟုတ်တာ။နောက်ဆုံး သူတို့ ကျွန်တော့်အတွက် ရောက်လာတယ်။ ကျွန်တော့်အတွက် ပြောပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။မာတင်နီးမူလာ (၁၈၉၂-၁၉၈၄) ဂျာမနီနာဇီ ဆန့်ကျင်ရေးသမား သဘောတရားရေးရာ ပညာရှင်ဆိတ်ဆိတ်နေသူများ (Silent People) ၏ အကြောင်းကို ပြောရန်အတွက် မာတင်နီးမူလာ၏ အဆိုအမိန့်ကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ မိမိနှင့် မဆိုင်ဟုဆိုကာ ဆိတ်ဆိတ်နေသူများနှင့် ပတ်သက်၍ ပြောလေ့ရှိသော ဥပမာ တစ်ရပ်ရှိသည်။ လက်ဖက်ရည်ဆိုင်၌ လူတစ်အုပ် ထိုင်နေသည်။ မီးသတ်ကား ဥသြသံကို ကြားသည်။ လူအများ မကြားယာင်ဆောင်ကြသည်။ ယင်းနောက် မိမိတို့ရှေ့သို့  မီးသတ်ကား ရောက်လာသည်။ တစ်ချက်မတ်တတ်ရပ်ကာ ထကြည့်ကြသည်။ မီးသတ်ကား ချိုးကွေ့ဝင်သွားသော လမ်းသည် မိမိတို့ နေထိုင်သည့် လမ်းမဟုတ်ကြောင်း တွေ့ရသည့်အခါ လက်ဖက်ရည်ဆိုင်၌ အေးအေးလူလူ ပြန်ထိုင်ကြသည်။ မီးလောင်နေသည်ကို မိမိအိမ်နှင့် ဝေးသည်ဟုဆိုကာ ဝိုင်းဝန်းငြှိမ်းသတ်ခြင်း မရှိပါက မည်မျှပင် ဝေးစေကာမူ ထိုမီးသည် မိမိအိမ်သို့ ရောက်လာနိုင်သည်။
ယနေ့ခေတ် ကမ္ဘာကြီးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ ယင်းတို့ကို မသိမမြင်ချင်ယောင်ဆောင်လျက် လျစ်လျူပြုကာ သူတို့ဘာသာ ပြီးသွားလိမ့်မည်ဟု လည်းကာင်း၊ တန်ခိုးရှင် တစ်ဦး ရောက်ရှိ လာသကဲ့သို့သော ထူးခြား ဆန်းကြယ်သည့် ပုံစံမျိုးဖြင့် သူ့ဘာသာသူ ပြေလည်သွားမည်ဟု လည်းကောင်း မျှော်လင့်ကြည့်ရန်မှာ လွန်စွာလွယ်ကူသော အလုပ်ဖြစ်သည်။ များစွာသော လူတို့သည် ဘဝခရီးကို သွားကြရင်း ကမ္ဘာကြီးနှင့်  အခြားသူများအပေါ် ဖြစ်ပျက်သမျှ အရာများနှင့် ပတ်သက်၍ မသိမမြင်ချင်ယောင်ဆောင်ကာ ဆိတ်ဆိတ်နေကြသည်။ ယင်းသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးနေသမျှ နေ့ရက်များကို သိစိတ်မဲ့ကာ တုံဏှိဘာေ၀ ဖြတ်သန်းနေခြင်းသာ ဖြစ်သည်။လူမှုရေးမညီမျှမှုများ၊ ဆင်းရဲမွဲတေမှုများ၊ ဘေးဒုက္ခကပ်များနှင့် ခွဲခြားဆက်ဆံ ခံရမှုများ အစရှိသည့် ယနေ့ခေတ် ကမ္ဘာကြီး ရင်ဆိုင်နေရသော ကြီးမားသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ မသိမမြင်ချင်ယောင် ဆောင်ကာ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိဘဲ ဆိတ်ဆိတ်နေရန်မှာ အလွန်လွယ်ကူသည်။ အထူးသဖြင့် ဘဝတစ်လျှောက်လုံး အာဏာရှင်အသီးသီး အောက်၌ အကြောက်တရား အမျိုးမျိုးဖြင့် နေထိုင်ခဲ့ရသော မြန်မာနိုင်ငံသား အပါင်းတို့သည် ရှေ့သို့ တိုးထွက်ရမည်ကို စိုးရိမ်လျက် အရေးအကြောင်း တစ်ခုခုဆိုလျှင် နောက်သို့သာ ဆုတ်ဆုတ်သွားကြသည်။သို့သော် ယခုအခါ ဆိတ်ဆိတ်နေမှုကို အဆုံးသတ်ရန် အချိန်ကျပြီဖြစ်သည်။ မိမိတို့၏ ဘ၀၀န်းကျင်ကို ဖြန့်ကြက်ကြည့်ကာ မိမိတို့၏ ကိုယ်ကျိုးစီးပွား သက်သက်ထက် ကျော်လွန်လျက် အများပြည်သူ အကျိုးအတွက် ဆိတ်ဆိတ်နေခြင်းကို စွန့်လွှတ်သင့်ပြီ ဖြစ်သည်။ မိမိကိုယ် မိမိပြန်ကြည့်ကာ မိမိသည် မည်သည့်နေရာ၌ မည်သည့် အတွက်ကြောင့် ဆိတ်ဆိတ် နေရသနည်း ဆိုသည်ကို ဝေဖန်ဆန်းစစ်ရန်လိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ကိုယ် မိမိတို့ လူတစ်ယောက်ဖြစ်ကြာင်း သတိပြုကာ ဆိတ်ဆိတ်နေသူများ အဖြစ်မှ အပြီးအပိုင် ရုန်းထွက်သင့်ပြီ ဖြစ်ပါ ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent