အကျဉ်းထောင်နှင့် တရားရုံးရောက် ကျောင်းသားများ

အကျဉ်းထောင်နှင့် တရားရုံးရောက် ကျောင်းသားများ
Published 4 September 2015

“တရားစီရင်ရေးကို အုပ်ချုပ်ရေးက လွှမ်းမိုးနေလား ဆိုတာကို ကျွန်မတို့ အများကြီး မသိပါဘူး။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာကတည်းက အုပ်ချုပ်ရေးက တရားစီရင်ရေးကို လွှမ်းမိုးနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်မတို့ တရားခွင်က အသေးအမွှားလေး ရှိပါသေးတယ်။ ဒီလို တရားခွင်လေးမှာတောင်မှ တရားစီရင်ရေးကို အုပ်ချုပ်ရေးက လွှမ်းမိုးနေတယ်ဆိုတာ သက်သေအဖြစ် တွေ့မြင်နေရပါပြီ။ အခြားအခြားသော တရားခွင်တွေမှာလည်း အုပ်ချုပ်ရေးက တရားစီရင်ရေးကို လွှမ်းမိုးနေတယ် ဆိုတာကိုလည်း ကျွန်မတို့ မြင်တွေ့နေရပါတယ်”ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အမေရိကန် ပြည်ထောင်စုက စက်တင်ဘာ ၁ ရက်မှ စတင်ကာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ကမ္ဘာအနှံ့ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၂၀ ဦးကို လွှတ်ပေးရန်အတွက် “ၤFree the 20” လှုပ်ရှားမှုတွင် မြန်မာနိုင်ငံမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် အတူပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က တရားစီရင်ရေးနှင့် ပတ်သက်၍ အထက်ပါအတိုင်း မှတ်ချက်ပေး ပြောကြားထားခြင်း ဖြစ်သည်။ယခု အစိုးရ လက်ထက်တွင် တရားရုံးနှင့် အကျဉ်းထောင်များသို့ အကြောင်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးဖြင့် ရောက်ရှိကြရ သူများထဲတွင် ခိုးဆိုးလုယက် လူသတ်စသည့် ရာဇဝတ်မှု ကျူးလွန်သူများ သာမက မတရား လယ်သိမ်းခံရ၍ ဆန္ဒပြရာမှ ဖမ်းဆီးခံရသည့် တောင်သူ လယ်သမားများ၊ လုပ်ခလစာအရေး ဆန္ဒပြရာမှ ဖမ်းဆီးခံရသည့် အလုပ်သမားများနှင့်အတူ ပညာရေးစနစ် ပြောင်းလဲနိုင်ရေး တောင်းဆို ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများလည်း အပါအဝင်ဖြစ်သည်။ဒီမိုကရေစီ ပညာရေးစနစ် အတွက် လမ်းလျှောက် ဆန္ဒပြရာမှ အကြမ်းဖက် ဖြိုခွင်းမှုဖြင့် ဖမ်းဆီး ခံခဲ့ရသောကြောင့် လက်ရှိတွင် သာယာဝတီ တရားရုံး၌ အမှုရင်ဆိုင်နေရပြီး သာယာဝတီထောင်၌ ဖမ်းဆီး ခံထားရသော ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်တို့ အပါအဝင် ဗကသ ကျောင်းသားများမှာ ယခုအခါတွင် ရုံးချိန်း ၁၅ ကြိမ်အထိပင် ရောက်ရှိနေပြီ ဖြစ်သည်။ အလားတူပင် မန္တလေး အမရပူရမြို့နယ် တရားရုံးတွင် ရတနာပုံ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ နိုင်ရဲဝေနှင့် ကျောင်းသားအချို့ သည်လည်းကောင်း၊ မြင်းခြံထောင်တွင် လည်းကောင်း စသည်ဖြင့် ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ထွန်းရေး၊ အပြစ်မဲ့ ကျောင်းသား ပြည်သူများ လွတ်မြောက်ရေး စသည့်လှုပ်ရှားမှုများကြောင့် ဖမ်းဆီး တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေကြရသည်။ထိုသို့ အမှုရင်ဆိုင် နေကြရမှုများတွင် အဆိုပါ ကျောင်းသားများ အနေဖြင့် တရားဥပဒေ၏ မှန်ကန်မျှတသော အခွင့်အရေးများ ရရှိနေခြင်းရှိ၊ မရှိနှင့် ပတ်သက်၍မူ မေးခွန်းထုတ်စရာ ရှိနေသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က သာယာဝတီမြို့နယ် တရားရုံးတွင် ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ရုံးထုတ်သည့် ရုံးချိန်းတွင် တရားသူကြီး၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ကာ တရားခွင် စစ်ဆေးခြင်းအား တစ်ဝက် တစ်ပျက်ဖြင့် ရပ်နားခဲ့ရမှု ပေါ်ပေါက်ခဲ့သည်။ထို့အတူ စက်တင်ဘာ ၄ ရက်က မန္တလေး အမရပူရမြို့နယ် တရားရုံး၌ တရားစွဲခံထားရသာ တက္ကသိုလ် ကျောင်းသားများ၏ ရုံးချိန်းတွင်လည်း မိဘများ ဝင်ရောက် နားထောင်ခွင့်  မပြုခဲ့သောကြောင့် လွတ်လပ်သည့် တရားခွင် မဟုတ်ဟုဆိုကာ ဖမ်းဆီးခံကျောင်းသားများက အစစ်ဆေးမခံဘဲ ကန့်ကွက်ခဲ့ကြသည်။ ထို့အပြင် အဆိုပါ အမှုရင်ဆိုင်နေရသော ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ နိုင်ရဲဝေနှင့် အမှုတွဲပါ ကျောင်းသားများ၏ စာမေးပွဲ ဖြေဆိုခွင့်ရရန် အာမခံ လျှောက်ထားမှုများ ပယ်ချခံထားရသည်။မည်သို့ပင်ဖြစ်စေ လွဲမှားနေသော စနစ်များကို တွန်းလှန်ရင်း ဥပဒေနှင့် ရင်ဆိုင်နေရသူများတွင် အပါအဝင်ဖြစ်သည့် အကျဉ်းထောင်နှင့် တရားရုံးရောက် ကျောင်းသားများအတွက် မှန်ကန်မျှတသည့် ဥပဒေ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ မျက်ကွယ်ပြု မခံရရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာလ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent