ရွေးကောက်ပွဲများနှင့် နိုင်ငံရေးအကြမ်းဖက်မှု

ရွေးကောက်ပွဲများနှင့် နိုင်ငံရေးအကြမ်းဖက်မှု
Published 3 September 2015

နိုင်ငံရေး အကြမ်းဖက်မှုဟူသည် နိုင်ငံရေးဆိုင်ရာ ပန်းတိုင်တစ်ရပ် ရယူရန်အတွက် ကမ္ဘာတစ်လွှားရှိ ပြည်သူများနှင့် အစိုးရအဖွဲ့များက အသုံးပြုတတ်ကြသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ အုပ်စုအသီးသီးနှင့် လူပုဂ္ဂိုလ် အသီးသီးတို့က ၎င်းတို့၏ နိုင်ငံရေးစနစ်များသည် ၎င်းတို့၏ နိုင်ငံရေး လိုလားချက်များကို မည်သည့်အခါမှ တုံ့ပြန်ပေးလိမ့်မည် မဟုတ်ဟု ယုံကြည်လာသည့် အခါတွင် ဖြစ်ပွားသည်။ သူတို့က အကြမ်းဖက်မှုသည်သာ မျှတအောင် လုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ရုံသာမက ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ရရှိရန်အတွက် လိုအပ်သည်ဟု ယုံကြည်လာကြသောကြောင့် ဖြစ်သည်။
ယင်းကဲ့သို့ပင် ကမ္ဘာတစ်လွှားရှိ အစိုးရအဖွဲ့များကလည်း ၎င်းတို့၏ လူထုအား ၎င်းတို့၏အလိုကို လိုက်လျောလာအောင် ခြိမ်းခြောက်ရန်အတွက် အကြမ်းဖက်မှုကို အသုံးပြုရန် လိုအပ်သည်ဟု ယုံကြည်သည့် အခါတွင် နိုင်ငံရေးအကြမ်းဖက်မှုများ ပြုလုပ်လေ့ရှိသည်။ အစိုးရအနေဖြင့် ပြစ်မှုကျူးလွန်သူများကို တစ်စုံတစ်ရာ အရေးယူမှု မရှိခြင်းကိုလည်း နိုင်ငံရေးအကြမ်းဖက်မှုပုံစံ တစ်ရပ်အဖြစ် သတ်မှတ်သည်။
ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီ နည်းလမ်းကျသော လူ့အဖွဲ့အစည်းများကို တည်ဆောက်ရန် အခြေခံအုတ်မြစ် ဖြစ်သည်။ ဒီမိုကရေစီစနစ် ခိုင်မာမှသာ လူမှုရေးနှင့် နိုင်ငံရေး ညီမျှမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ရှိမည်ဖြစ်သည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်ကို ပုံသွင်းရန် လက်နက်ကိရိယာဖြစ်ပြီး ဒီမိုကရေစီစနစ်၏ ထိရောက်မှုကို တိုင်းတာရန် ကိရိယာ တန်ဆာပလာလည်းဖြစ်သည်။ သို့သော် ရွေးကောက်ပွဲများ၏ နိုင်ငံရေးအရ အရေးပါမှုကြောင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုကြသည့်အခါ ရွေးကောက်ပွဲနှင့် ပတ်သက်သော အန္တရာယ်များ ဖြစ်ပေါ်လာသည်။
ဒီမိုကရေစီစနစ်၏ လေးမြတ်သော အင်စတီကျူးရှင်းကို ထိန်းသိမ်းရန်နှင့် ရွေးကောက်ပွဲရလဒ်များ၏ တရားဝင်မှုကို ကာကွယ်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်၊ နိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်များနှင့် ရွေးကောက်ပွဲများကို ကြီးမှူးသော နိုင်ငံတော် အင်စတီကျူးရှင်းများ၏ ထိရောက်မှုတို့ကို ဂရုပြုလေ့လာရန်လိုသည်။ ၎င်းအပြင် မီဒီယာ များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လူထုလူတန်းစားဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့ အရင်းအမြစ်ကျသော အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်လေ့လာရန် လိုသည်။
ရွေးကောက်ပွဲများက တည်ဆောက်ပေးလိုက်သော နိုင်ငံရေးဝန်းကျင်တစ်ရပ်သည် လူထုရပ်ဝန်းအတွင်း လုံခြုံမှုမည်မျှ ရှိသည်ကို သတ်မှတ်ရန် အတွက်လည်း အရေးပါသည်။ ရွေးကောက်ပွဲများကြောင့် ဖြစ်ပွားသော နိုင်ငံရေး အကြမ်းဖက်မှုများ၏ အလေ့အထကို သုံးသပ်နိုင်ရန်အတွက် နိုင်ငံရေးမိန့်ခွန်းများ၏ လေသံအနေအထား၊ လူထု၏ ထင်မြင်ချက်များနှင့် နိုင်ငံရေးပါတီများ၏ လှုံ့ဆော်မှုများကို သတိထား စောင့်ကြည့်ရန် လိုသည်။
မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲများကိုကြည့်လျှင် ယင်းနိုင်ငံ၏ ဒီမိုကရေစီစနစ် မည်မျှခိုင်မာသည်ကို သိနိုင်သည်။ သို့သော် ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲပြီးနောက် ကာလများတွင် နိုင်ငံရေး အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသည်။ ထို့ကြောင့် အစိုးရတစ်ရပ် အနေဖြင့် မိမိတို့ကိုယ်တိုင် နိုင်ငံရေးအကြမ်းဖက်မှုများကို ရှောင်ရှားရမည့်အပြင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည် ဟူသည့် အာမခံချက်အား လူထုယုံကြည်အောင် ပြသလျက် လူထု၏ နိုင်ငံရေး အကြမ်းဖက်မှုများ ဖြစ်မလာ အောင်လည်း ကာကွယ်ရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent