၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ခဲ့သည်။ မှားယွင်းမှု လွဲချော်မှု စသည့် မရှင်းလင်းမှုများ ပေါ်ပေါက်ခဲ့သည်။ လိုအပ်သော မဲစာရင်း စိစစ်မှုများအတွက် မီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အချို့မှ တာဝန်ရှိသူများ စသည်ဖြင့် ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံးစေရန် အသိပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ လူထုကလည်း ပူးပေါင်းပါဝင်ခဲ့သည်။ ထိုအခြေအနေများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်မှလည်း ပြည်သူများ မဲပေးခွင့် မဆုံးရှုံးရန် ဖြေလျှော့ခြင်းများ ပြုလုပ်ပေးခဲ့သည်။အခြေခံ မဲစာရင်း ကိစ္စများ၏ နောက်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန် ကြေညာခဲ့သည်။ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ဆန္ဒပြုခြင်းကို ဇူလိုင် ၂၀ မှ သြဂုတ် ၈ ရက်အထိ ရက် ၂၀ သတ်မှတ်ထားခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များကို ဇူလိုင် ၈ ရက်က ကြေညာချက်အမှတ် (၂၉/၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံအတွက် အရေးပါသော ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာပြီဟု ဆိုရမည်ဖြစ်သည်။ ပြည်သူလူထု မဲပေးခွင့်အတွက် အခြေခံမဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်ထားသည်။ (လိုအပ်သော မဲစာရင်းပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် အသေးစိတ် မဲဆန္ဒရှင်စာရင်းများ ထပ်မံထုတ်ပြန်ရဦးမည် ဖြစ်သည်။) ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကိုလည်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ထို့နောက်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခြင်းနှင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန်ရက်များ ထုတ်ပြန်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသည်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းနှင့် ပတ်သက်၍ ကြေညာရန် ကျန်ရှိနေသေးသည်။ မည်သို့ပင်ဆိုစေ ၂၀၁၅ ရွေးကောက်ပွဲ ရုပ်လုံးပေါ်လာပြီဖြစ်သည်။ ထိုအခြေအနေတွင် သတိပြုရမည့် အဖြစ်အပျက်များလည်း ရှိနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ရှိ ရွာရှစ်ရွာ၌ ဇူလိုင် ၂၁ ရက် ညပိုင်းက NLD ပါတီ ဆိုင်းဘုတ်များအား ဓားခုတ် ဖျက်ဆီးခံရပြီး အလံများကိုလည်း ဖျက်ဆီး ဖြုတ်ယူခြင်း ခံရသဖြင့် တရားရုံးသို့ အဆိုပါအမှုကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် မြောင်းမြမြို့မှ အလှူပွဲတွင် အလှူပွဲကျင်းပရာ ဘုရားဝင်းနှင့် လမ်းမထက်တွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဘာသာရေးအရ တိုက်ခိုက်အပုပ်ချမှု စာသားများ ပါဝင်နေသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) တံဆိပ်ပါ စာရွက်များကို လူငယ်တစ်စုမှ ဖြန့်ဝေမှုများ ပေါ်ပေါက်ခဲ့သည်။ အလှူရှင်ဖြစ်သူ နတ်စင်တစ်ရာ ဆရာတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့က လုပ်ဆောင်ခဲ့ခြင်းများ မရှိကြောင်း အသီးသီး ငြင်းဆိုထားသည်။ဤသည်တို့မှာ ရွေးကောက်ပွဲ အကြိုကာလတွင် ပေါ်ပေါက်တတ်သော အဖြစ်အပျက်များအနက်မှ အချို့ဖြစ်ပြီး အားလုံးသတိပြု ဖြတ်သန်းရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ရန် မျှော်လင့်နိုင်သော ရုပ်လုံးပေါ်စပြုနေပြီ ဖြစ်သည့် ရွေးကောက်ပွဲအကြို ကာလအား အားလုံး သတိဝီရိယဖြင့် ရင်ဆိုင်ကျော်လွှားကြရန် လိုအပ်မည်ဟု The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








