အာဇာနည်တို့မည်သည် ကိုယ့်အသက် ကိုယ့်စည်းစိမ်ထက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး၏ အသက်စည်းစိမ်ကို ပိုပြီး အရေးထားသည်က တစ်ကြောင်း၊ တာဝန်ကျေပွန်ဖို့ ကြုံလာလျှင် တစ်ခါမက ဆယ်ခါမျှပင် သေလိုက်ရန် အသင့်ဖြစ်နေသည်က တစ်ဖုံ၊ တစ်သက်တစ်ခါ သေရမည့်အတူတူ သူရဲဘောနည်းသည့် လူနုံ လူအ လူချာတို့၏ သေခြင်းမျိုးတို့ဖြင့် မသေဘဲ အာဇာနည်ပီပီ ရဲရဲရင့်ရင့်သေခြင်းက မြတ်လှပေသည်ဟု ယုံကြည်ထားသည်က တစ်မျိုးတို့ကြောင့် ....ဦးနု၏ အာဇာနည်စာအုပ်မှ
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် အတွင်းဝန်များရုံးအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း သဘာပတိအဖြစ် ဆောင်ရွက်သော ဝန်ကြီးများအဖွဲ့ အစည်းအဝေးပြုလုပ်လျက်ရှိသည်။ ထိုအချိန်တွင် အစိမ်းရောင်ယူနီဖောင်းများ ဝတ်ဆင်ပြီး ပခုံးများတွင် အမှတ် ၁၂ တပ်မတော်တံဆိပ် တပ်ဆင်ထားကြသူ လေးဦးသည် တော်မီဂန်းများ ကိုင်ဆောင်၍ အစည်းအဝေးဆောင်အတွင်းသို့ ဝင်ရောက်ပစ်ခတ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက မတ်တတ်ရပ်လျက် လက်ဟန်ပြကာ တားမြစ်သော်လည်း လူသတ်သမားတို့က ဗိုလ်ချုပ်အောင်ဆန်းကို အဓိကထား၍ ပစ်ခတ်သည့်အပြင် ကျန်ဝန်ကြီးများကိုလည်း ပစ်ခတ်ကြသည်။ ဗိုလ်ချုပ်တို့အား လုပ်ကြံပြီးအပြန်၌ အတွင်းဝန်ရုံးလှေကားအနီးတွင် လူသတ်သမားတို့က ဝန်ကြီးဦးရာဇတ် ၏ သက်တော်စောင့် ကိုထွေးကို သေနတ်ဖြင့် ပစ်ခတ်သွားကြပြန်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင် စသည့် ခေါင်းဆောင်ကြီး ခုနစ်ဦးနှင့် အတွင်းဝန် ဦးအုန်းမောင်၊ သက်တော်စောင့် ကိုထွေးတို့ ကျဆုံးခဲ့ရသည်။ ထိုဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်ရသည်ဟု အသိအမှတ်ပြု ကြသည်။
ဤသို့နှင့် မြန်မာနိုင်ငံ၏ သမိုင်းတွင် အကျည်းတန်အရုပ်ဆိုးသော ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့သည်။ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ချစ်ကြည်လေးစားမှုကို ယုံကြည်စိတ်ချလျက် လုံခြုံရေးအကာအကွယ်များကို အထူးတလည် မစီမံဘဲ စည်းဝေးလျက်ရှိသော ခေါင်းဆောင်ကြီးများသည် ရုတ်တရက် တိမ်းရှောင်ရန် မတတ်နိုင်မီ လူသတ်သမားတို့၏ တရစပ်ပစ်ခတ်သော ကျည်ဆန်များသင့်ကာ ကျဆုံးခဲ့ရသည်။ မြန်မာ့လွတ်လပ်ရေးအတွက် မျှော်လင့်ချက်အပေါင်း ကိန်းအောင်းတည်ရှိရာ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသဖြင့် မြန်မာပြည်သူတစ်ရပ်လုံး ဝမ်းနည်းကြေကွဲကာ နှမြောတသသ ဖြစ်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆာင်ကြီးများ လွတ်လပ်ရေး လမ်းခုလတ်၌ ကျဆုံးခဲ့ရသော်လည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်၌ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သော နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် စစ်အာဏာရှင်လက်ထက် တစ်လျှောက်လုံး အာဇာနည်နေ့အခမ်းအနားများကို အဖြစ်သဘောမျှသာ ကျင်းပခဲ့ပြီး မှိန်ဖျော့ကာ ထားခဲ့သည်။ ယခုအခါကျမှ အာဇာနည်နေ့အခမ်းအနားများကို ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါ်ထင်ထင် ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၆၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့် ပြည်သူအတွက် မိမိကိုယ်တိုင်၏ အသက်အိုးအိမ် စည်းစိမ်ကို မငဲ့ကွက်ဘဲ ပြုဖွယ်ရာကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူတို့၏ စိတ်ထဲ နှလုံးသားထဲ၌ အစဉ်ထာဝရ ကိန်းအောင်းကျန်ရစ်နေမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)








