လုံခြုံမှုမရှိသော ဘဝများအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ

လုံခြုံမှုမရှိသော ဘဝများအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ
Published 17 July 2015

စစ်ပွဲများကြောင့် မငြိမ်းချမ်းသောဒေသများတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကာ မိမိတို့၏ မူရင်းနေရာများအား စွန့်ခွာခဲ့ရသော တိုင်းရင်းသားပြည်သူလူထုများအတွက် ဘဝလုံခြုံမှုဆိုသည်မှာ မည်မျှအထိ ရှိနိုင်ပါသနည်း။ 
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူမမယ်ကလေးငယ်များ စသည်တို့၏ လူမှုဘဝအခက်အခဲများ မည်မျှအာမခံချက် ပေးနိုင်ကြမည်နည်း။
 
ထို့ပြင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကလေးသူငယ်များအား စစ်သားအဖြစ် စုဆောင်းအသုံးပြုနေဆဲဖြစ်ပြီး ထိုကဲ့သို့ စုဆောင်းမှုများကို အရပ်သားပွဲစားနှင့် အကျိုးဆောင်များမှတစ်ဆင့် ပြုလုပ်နေကြောင်း ဇူလိုင် ၁၆ ရက်က ယူနီဆက်ဖ် (မြန်မာ) ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Leila Zerrougui က ပြောကြားလိုက်သည်။ ကလေးစစ်သား စုဆောင်းခံရမှုများတွင် အရင်းအမြစ်အမျိုးမျိုးရှိနေရာ စုဆောင်းခံရသည့် ကိစ္စများအနက်အချို့မှာ ဆင်းရဲမွဲတေစွာ အသက်ရှင်နေထိုင်ရခြင်းကြောင့်ဖြစ်ပြီး ဆင်းရဲမှုကို ဖြေရှင်းရန် လက်နက်ကိုင်တပ်ဖွဲ့များသို့ ဝင်ရောက်ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ကလေးငယ်များ၏ အမှန်တကယ်လိုအပ်ချက်မှာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများပင်ဖြစ်ကြောင်းနှင့် အလုပ်အကိုင်များ ရရှိနေမှသာ ဆင်းရဲမွဲတေမှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းကပင် ဆက်လက်ပြောကြားထားသည်။
 
ဤသည်မှာ စစ်၏ ဆိုးကျိုးများထဲမှ အကြောင်းချင်းရာ တစ်ခုသာလျှင်ဖြစ်သည်။ အခြားသော လူမှုဒုက္ခများစွာ ရှိနေသေးသည်။ မငြိမ်းချမ်း၊ မအေးချမ်းသော ဒေသများတွင် တိုင်းရင်းသားပြည်သူလူထုအား မည်သို့သော အေးချမ်းသာယာသည့် ဘဝကို ဖန်တီးပေးနိုင်ကြမည်နည်း။ မည်သူတို့တွင် အဓိကတာဝန်အရှိဆုံးဖြစ်သနည်း။
 
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော ရခိုင်ဒေသ ပဋိပက္ခများကြောင့် အတိဒုက္ခရောက်ခဲ့ရသူများ၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့်အတူ အခက်အခဲဒုက္ခများစွာ တွေ့ကြုံခဲ့ရသည့် အခြေအနေကို အမှတ်ရကြဦးမည် ထင်ပါသည်။ ထိုစဉ်က ယင်းပဋိပက္ခ၏ ဆိုးကျိုးကို ခံစားခဲ့ရသော မောင်တောဒေသတွင် လုံခြုံရေးနှင့်ပတ်သက်သည့် သတိပေးမှုများ ထပ်မံထုတ်ပြန်ခဲ့သည်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် RSO အဖွဲ့နှင့် Islamic အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများကို ဥပုသ်ကာလအပြီး ၂၀၁၅ ဇူလိုင် ၁၉ ရက်နှင့် နောက်ပိုင်းကာလများတွင် ဌာနဆိုင်ရာရုံးများနှင့် ရခိုင်တိုင်းရင်းသားများ စုဝေးနေထိုင်သည့် နေရာများ၌ ဖောက်ခွဲရေးလုပ်ငန်းများ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အောင်မြင်မှုမရှိပါက ဌာနဆိုင်ရာဝန်ထမ်းများအား ခေါင်းဖြတ်လုပ်ကြံသွားရန် ပြင်းထန်စွာ တိုက်တွန်းထားကြောင်း သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ယခုလို သတင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
 
ထို့ကြောင့် လုံခြုံရေးမရရှိပါက ကျောင်းမတက်ကြရန် မောင်တောမြို့နယ်အတွင်း သတိပေးချက် ထုတ်ပြန်ထားပြီး လုံခြုံရေးနှင့်ဝေးသည့် ကျေးရွာများမှ ဆရာမအချို့ နေရပ်ပြန်မှုများ ရှိနေပြီဖြစ်သည်။ ယခုဖြစ်စဉ်၏ အကျိုးဆက်ကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးရမည့်ကလေးငယ်များ၊ ဘဝလုံခြုံစိတ်ချရေးအတွက် စိုးရိမ်ပူပန်နေရသည့် ဒေသခံလူထုများ၏ အဖြစ်ကို စာနာသင့်ကြပါသည်။
 
မငြိမ်းချမ်းမှုများနှင့် နိုင်ငံရေးစနစ် မတည်ငြိမ်မှုများက ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ရပ်တည်ရန် အပါအဝင် အခြားသောကဏ္ဍများ၏ တည်ငြိမ်တိုးတက်မှုများ အဟန့်အတားဖြစ်စေ၍ သတိပြုဖြေရှင်းသင့်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
 
(ဇူလိုင်လ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent