ခေတ်သစ်ဂျာနယ်လစ်ဇင် အရှိန်ယူနေသည့် ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း စာရေးဆရာ ဝေါ်လ်တာလစ်ပ်မန်းနှင့် အမေရိကန်ဒဿနိကပညာရှင် ဂျွန်ဒူဝီတို့သည် ဒီမိုကရေစီစနစ်တစ်ရပ်အတွင်း ဂျာနယ်လစ်ဇင်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အငြင်းအခုန်ဖြစ်ပွားခဲ့သည်။ သူတို့နှစ်ဦး၏ မတူခြားနားသောအတွေးအခေါ်သည် လူ့အဖွဲ့အစည်းတစ်ရပ်နှင့် နိုင်ငံတော်တစ်ခုအတွင်းရှိ ဂျာနယ်လစ်ဇင်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ယနေ့တိုင် ထင်ရှားသောလက္ခဏာရပ်များအဖြစ် ကျန်ရစ်ဆဲဖြစ်သည်။လစ်ပ်မန်းက ဂျာနယ်လစ်ဇင်၏အခန်းကဏ္ဍကို လူထုနှင့် ဥပဒေချမှတ်ဆောင်ရွက်သည့် အုပ်ချုပ်သူတို့အကြား ကြားခံဆက်သွယ်ပေးခြင်းအဖြစ်ရှုမြင်ပြီး ဂျာနယ်လစ်သည် အလယ်ကလူသာဖြစ်သည်။ အုပ်ချုပ်သူတို့က တစ်စုံတစ်ရာပြောသောအခါ ဂျာနယ်လစ်ကနားထောင်ကာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ပြီး ကောက်နုတ်ရွေးချယ်လျက် လူထုထံတင်ပြရန်ဖြစ်သည်။ သူ၏သဘောတရားနောက်ကွယ်၌ ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း တည်ရှိသည့်သတင်းအချက်အလက်များ၏ ရှုပ်ထွေးမှုများနှင့် ဖွံ့ဖြိုးလာမှုများကို ဆန်းစစ်သုံးသပ်နိုင်သော အနေအထားတစ်ရပ်၌ ပြည်သူလူထုများ ရှိမနေဟူသည့်အချက်က ကိန်းအောင်းလျက်ရှိသည်။ထို့ကြောင့် သာမန်ပြည်သူများအတွက် သတင်းအချက်အလက်များ ရွေးချယ်ကောက်နုတ်ရှင်းလင်းတင်ပြရန် ဂျာနယ်လစ်တို့က ကြားခံလူအဖြစ် ဆောင်ရွက်ပေးရန်လိုသည်ဟုဆိုသည်။ လစ်ပ်မန်း၏သဘောထားအရ ပြည်သူတို့သည် ရှုပ်ထွေးသော နိုင်ငံရေးအကြောင်းအရာများကို နားလည်နိုင်လောက်သော အဆင့်တွင်မရှိဟုဆိုသည်။ ၎င်းအပြင် လူထုသည် ၎င်းတို့၏နေ့စဉ်ဘဝ၌သာ အလုပ်ရှုပ်နေရသောကြောင့် ရှုပ်ထွေးသောနိုင်ငံရေးမူဝါဒများကို ဂရုစိုက်ချိန်မရဟုဆိုလိုသည်။ ထို့ကြောင့် လူထုကို တစ်စုံတစ်ဦးက အုပ်ချုပ်သူတို့၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံရေးအကြောင်းအရာများကို ရိုးရှင်းသောပုံစံဖြင့် ရှင်းလင်းတင်ပြရန်လိုပြီး ယင်းသည်သာ ဂျာနယ်လစ်ဇင်၏အခန်းကဏ္ဍဖြစ်သည်ဟု လစ်ပ်မန်းကဆို၏။ လူထုကမဲပေးခြင်းဖြင့် နိုင်ငံရေးသမားများ၏ ဆုံးဖြတ်ချက်များအပေါ် ပြန်လည်သက်ရောက်နိုင်သည်ဟုဆို၏။ ယနေ့ခေတ်တွင် သီးသန့်အထက်တန်းလွှာ (Elite) များတွင် နိုင်ငံရေးသမားအုပ်ချုပ်သူ၊ ဗျူရိုကရက်၊ သိပ္ပံပညာရှင် စသဖြင့် ပညာရှင်ပညာတတ်များပါဝင်ပြီး သူတို့သည် နိုင်ငံတော်၏သြဇာအာဏာကို ထိန်းသိမ်းထားကြသူများဖြစ်သည်ဟုဆို၏။ လစ်ပ်မန်း၏သဘောတရားတွင် ဂျာနယ်လစ်များ၏တာဝန်မှာ "Elite များ ဘာလုပ်နေသနည်း" ဟူသည်ကို လူထုအားအသိပေးရန်ဖြစ်သည်။ ဂျာနယ်လစ်တို့၏တာဝန်မှာ Elite များကိုစောင့်ကြည့်ရန်ဖြစ်ပြီး ဂျာနယ်လစ်တို့၏အစီရင်ခံမှုကိုကြည့်၍ လူထုက ဆန္ဒမဲပေးကြသည်။ အုပ်စိုးသူလူတန်းစားများ၊ ကျွမ်းကျင်ပညာရှင်များထံမှ အချက်အလက်များရယူလျက် ဂျာနယ်လစ်တို့က အာဏာခွဲဝေမှုပုံစံတွင် အောက်ခြေ၌သာရှိသော သာမန်လူထုကိုတင်ပြရသည်။ဒူဝီကမူ လူထုသည် Elite များကဖန်တီးလိုက်သည့်အကြောင်းအရာကို နားလည်ရုံမက တုံ့ပြန်နိုင်ပြီး အကြောင်းအရာများကို လူထုသို့ချပြကာ ဆွေးနွေးခြင်းနှင့် ငြင်းခုံခြင်းတို့ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်ချက်ချသင့်သည်ဟုဆို၏။ အကြောင်းအရာကို အသေအချာစစ်ဆေးစိစစ် မှတ်ကျောက်တင်ခံပြီးမှသာ အကောင်းဆုံးအယူအဆကို အကောင်အထည်ဖော်ရလိမ့်မည်ဟုဆို၏။ ဒူဝီက ဂျာနယ်လစ်များ၏အခန်းကဏ္ဍသည် သတင်းအချက်အလက်ကို ရိုးရိုးလက်ဆင့်ကမ်းပေးရုံထက် များစွာပိုသည်ဟုဆို၏။ သူက ဂျာနယ်လစ်များအနေဖြင့် ပြဋ္ဌာန်းမည့်မူဝါဒများ၏ အကျိုးဆက်များကို ချိန်ဆသင့်သည်ဟုဆို၏။ အချိန်ကြာလာသည်နှင့်အမျှ သူ၏သဘောထားသည် အလွှာအသီးသီး၌ အခိုင်အမာနေရာယူလာပြီး "လူထုဂျာနယ်လစ်ဇင်" Community Journalism အဖြစ် လူသိများလာသည်။လူထုဂျာနယ်လစ်ဇင်၏သဘောထားသည် ဂျာနယ်လစ်ဇင်ဖြစ်ပေါ်တိုးတက်မှုအသစ်များ၏ ပင်မရေစီးဖြစ်လာသည်။ အဆိုပါရွေ့လျားဖြစ်ပေါ်မှုအတွင်း ဂျာနယ်လစ်များသည် ပြည်သူလူထုနှင့် Elite များအကြား အကြောင်းအရာပိုင်း၏ ဖြစ်ပေါ်တိုးတက်မှု အစဉ်အဆက်အလိုက် အချိုးအစားအလိုက် ညှိနှိုင်းယူလာကြသည်။ ဤနေရာ၌ ဒူဝီသည် သာမန်ပြည်သူလူထုကို အထင်သေးချိုးနှိမ်ခြင်းမပြုဘဲ တန်းတူသဘောထားသကဲ့သို့ ကျွမ်းကျင်ပညာရှင်များကိုလည်း လေးစားကြောင်း သတိပြုသင့်သည်။ ဒူဝီ၏ ပင်မကိုယ်ထည်အတွင်း၌ ပညာရှင်ပညာတတ်များကို လက်ခံကြိုဆိုသော်လည်း လစ်ပ်မန်းကဲ့သို့ ဂျာနယ်လစ်ဇင်၊ လူ့အဖွဲ့အစည်းနှင့်ပတ်သက်သော နားလည်နိုင်စွမ်းကို အဆင့်ဆင့်ခွဲခြားသတ်မှတ်မှု ဖွဲ့စည်းပုံပါဝင်ခြင်းမရှိပေ။ ဒူဝီ၏သဘောထားအရ ဆွေးနွေးခြင်း၊ ငြင်းခုံခြင်းနှင့် အချေအတင်ပြောဆိုခြင်းသည် ဒီမိုကရေစီ၏ ဗဟိုချက်မဖြစ်သည်။လစ်ပ်မန်း၏ ဂျာနယ်လစ်ဇင်ဆိုင်ရာဒဿနသည် အစိုးရအဖွဲ့ခေါင်းဆောင်များအတွက် ပို၍လက်ခံနိုင်ဖွယ်ရှိသော်လည်း ဒူဝီ၏ချဉ်းကပ်ပုံက "ဂျာနယ်လစ်ဘယ်နှဦးသည် လူ့အဖွဲ့အစည်းအတွင်း သူတို့၏အခန်းကဏ္ဍကို ရှုမြင်ကြည့်သနည်း" ဟူသည်နှင့် အပြန်အလှန်အားဖြင့် "လူ့အဖွဲ့အစည်း၏ပမာဏမည်မျှသည် ဂျာနယ်လစ်များ၏ လုပ်ငန်းဆောင်တာကို မျှော်လင့်ထားသနည်း" ဟူသည်တို့ကို ပို၍ကောင်းစွာဖော်ပြနိုင်သည်။ ဥပမာအားဖြင့် လူထုသည် ဂျာနယ်လစ်များအား အစိုးရများ၊ လုပ်ငန်းများနှင့် အခြားလုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ရန် အလိုရှိကြသည်။ အကြောင်းအရာများနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို လူထုထံ အချိန်မီအစီရင်ခံကြရန် လိုလားကြသည်။ထို့ကြောင့် လူထုဂျာနယ်လစ်ဇင်သည်သာ ဖြစ်ပေါ်တိုးတက်မှုများကိုလိုလားသော ပင်မရေစီးဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








