ပျောက်ဆုံးသွားသော ကျောင်းသားများ

ပျောက်ဆုံးသွားသော ကျောင်းသားများ
Published 12 July 2015

အခြေခံပညာအဆင့် ပညာရေးကဏ္ဍနှင့် ပတ်သက်သော အပြောင်းအလဲများ ပြု လုပ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်းအဆင့်၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ်တန်းအဆင့်နှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခမဲ့ပညာရေးစနစ်အဖြစ် အသီးသီး ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ထို့အတူ အခြားကဏ္ဍများနှင့်ယှဉ်လျှင် လွန်စွာနည်းပါးခဲ့သော အစိုးရ၏ ပညာရေးအသုံးစရိတ်ဘတ်ဂျက်ကို ယခင်ထက် တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် ပညာရေးကဏ္ဍတွင် ယခင်နှင့်မတူသော အပြောင်းအလဲအချို့ ဖော်ဆောင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တကယ် အကျိုးသက်ရောက်မှုကောင်းများ ရှိသည်ဆိုပါက ကြိုဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် အဘက်ဘက်က နိမ့်ကျနေသော နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍနိမ့်ကျမှုသည် ရေရှည်တွင် နိုင်ငံအနာဂတ်အတွက်ပါ ရင်လေးဖွယ်အခြေအနေဆိုသည်ကို သတိပြုသင့်သောကြောင့် ဖြစ်သည်။
 
ထို့အပြင် အချို့သော ကိန်းဂဏန်းအချက်အလက်များ၏ နောက်ကွယ်မှ အခြေအနေမှန်များကို လျစ်လျူရှုပါက တခြားသော သက်ရောက်မှုဆိုးကျိုးများ ရှိနိုင်သည့် သာဓကတစ်ခုကို ဧရာဝတီတိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ သိရှိရသော အချက်အလက်များ က ပြဆိုနေသည်။ အဆိုပါ အချက်အလက်များမှာ “၂၀၁၄-၂၀၁၅  ပညာသင်နှစ်က  စတုထ္ထတန်း မဖြေဆိုမီ  ကျောင်းမှ ထွက်သွားသော ကျောင်းသား ၄၁၄၅ ဦး၊ စတုထ္ထတန်းဖြေဆိုပြီးသော်လည်း ပဉ္စမတန်း ဆက်လက်မတက်ရောက်သော ကျောင်းသားဦးရေမှာ ၈၀၀၂ ဦး၊  အဋ္ဌမတန်းမဖြေဆိုမီ  ကျောင်းမှထွက်သွားသော ကျောင်းသားဦးရေမှာ ၂၅၇၆ ဦး၊ နဝမတန်းသို့ ဆက်လက်မတက်ရောက်သော ကျောင်းသားဦးရေမှာ ၂၁၄၀ ဦး” ဟူ၍ ဖြစ်သည်။ ဤကိန်းဂဏန်းများမှာ မည်ကဲ့သို့ ပြုစုကောက်ခံထားသော စာရင်းဇယားများဖြစ်သည်ဆိုသည်ကို မသိရှိရသော်လည်း နှစ်စဉ် ပညာဆက်လက်သင်ကြားနိုင်ခြင်း မရှိတော့သော ကျောင်းသားကျောင်းသူ ကလေးငယ် မည်မျှရှိနေနိုင်သည်ကို ချိန်ဆနိုင်သည့် ပမာဏဖြစ်သည်ကတော့ သေချာသည်။
 
ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်း၌ပင် မူလတန်းမပြီးခင် ကျောင်းသား ၄၁၄၅ ဦး ပျောက်ဆုံးသွား၏။ မူလတန်းပြီးပါက နောက်ထပ် ကျောင်းသား ၈၀၂၂ ဦး ပျောက်ဆုံးသွားသည်။ အလယ်တန်းမပြီးမီ ကျောင်းသား ၂၅၇၆ ဦး ပျောက်ဆုံးသွားသည်။ အလယ်တန်းအဆင့်ပြီးပါက ၂၁၄၀ ဦး ထပ်မံပျောက်ဆုံးသွားသည်။ အထက်တန်းစာမေးပွဲဖြေချိန်၌ စုစုပေါင်း ပျောက်ဆုံးသွားသော ကျောင်းသားဦးရေသည် ၁၆၈၆၃ ဦးဖြစ်သည်။ ဤသို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ယင်းကဲ့သို့သော ပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရရှာသော ကလေးငယ်မည်မျှအထိ ရှိနေပါသနည်း။  စာသင်ခန်းများမှ ပျောက်ဆုံးသွားသော ကလေးငယ်များ၏အနာဂတ် မည်သို့ရှိမည်နည်း။ အမှတ်တမဲ့အားဖြင့် သတိမမူနိုင်သော်လည်း သေချာစဉ်းစားကြည့်ပါက ဤကလေးငယ်များ၏ အနာဂတ်မှာ မည်မျှအထိ ဆိုးရွားသွားနိုင်သည်ကို တွေးတော ဆင်ခြင်သင့်ပါသည်။  ပညာအရည်အသွေးနှင့် ပညာဉာဏ်ချို့တဲ့ပါက မည်သို့ ဆက်လက်ဖြစ်နိုင်ပါသနည်း။ 
 
အသက်မွေးဝမ်းကျောင်းပညာ မဆိုထားနှင့် အခြေခံပညာရေးမျှ မရရှိသည့် လူငယ်များ လွန်စွာများပြားလာမည်ကို သတိချပ်သင့်သည်။ ကလေးများနှင့် လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်။ အနာဂတ်တွင် ပညာမဲ့သူများသာ များပြားလွန်းသည့် နိုင်ငံသည် မည်ကဲ့သို့သော နိုင်ငံဖြစ်လာမည်ကို တွေးကြည့်သင့်သည်။ ထို့ကြောင့်ပျောက်ဆုံးသွားသော ကျောင်းသားများ၏ အရေးသည် နိုင်ငံ၏ လွန်စွာအရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
 
(ဇူလိုင်လ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent