နိုင်ငံနှင့် ပြည်သူအတွက် ဖြစ်သင့်တာကိုဦးစားပေးချိန်တန်ပြီ

နိုင်ငံနှင့် ပြည်သူအတွက် ဖြစ်သင့်တာကိုဦးစားပေးချိန်တန်ပြီ
Published 10 July 2015

အစိုးရ၏ငါးနှစ်သက်တမ်းသည် မကြာမီကုန်ဆုံးတော့မည်ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်တော့မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်အတူ ပြည်သူလိုလားသော အစိုးရတစ်ရပ်ပေါ်ပေါက်ရေး မျှော်လင့်နေကြပြီဖြစ်သည်။ ကုန်လွန်ခဲ့သော အစိုးရသက်တမ်းအတွင်း လုပ်ဆောင်မှုများမှ ဝေဖန်ထောက်ပြစရာ၊ သဘောမတူ ရှုတ်ချစရာများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ အများအပြားပေါ်ပေါက်ခဲ့သလို လက်ရှိအထိလည်း တရားမမျှတမှုနှင့် အမှန်တရားလျစ်လျူရှုခံရသော မတရားဖိနှိပ်မှုများအတွက် ဆန္ဒထုတ်ဖော်မှုများရှိနေဆဲဖြစ်သည်။ လွှတ်တော်တွင်လည်း အဆိုများ၊ မေးခွန်းများဖြင့် ပြည်သူ့ကိုယ်စားလှယ်များက မေးမြန်းခြင်း၊ ထောက်ပြခြင်းများ ပြုလုပ်လျက်ရှိနေသည်။ သို့သော် နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ်အလေးထားသလားဆိုသည်မှာမူ မေးခွန်းထုတ်စရာအဖြစ်ရှိနေဆဲပင်။ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် အဘက်ဘက်က ဆင်းရဲနိမ့်ကျနေသော နိုင်ငံအတွက် ပိုမိုကောင်းမွန်သော အခြေအနေကောင်းများ ဖန်တီးရန်လိုအပ်သလို မျှော်လင့်ချက်ပျောက်ဆုံးနေသောဘဝများအဖြစ် မနစ်မွန်းစေရေးမှာ သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်များတွင် အဓိကတာဝန်ရှိနေမည်ဖြစ်သည်။ ထို့အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပြောင်းလဲနိုင်ရန် မျှော်လင့်ချက်များ ဆက်လက်ရှင်သန်ရန် ဝန်းကျင်ကောင်းများဖန်တီးပေးရန် လိုအပ်မည်ဖြစ်သည်။ပုဂ္ဂလိကပိုင်ပြုလုပ်ရေးခေါင်းစဉ်အောက်မှ ပွင့်လင်းမြင်သာမှုမရှိသော လက်သိပ်ထိုးလွှဲပြောင်းခြင်းများ၊ ခရိုနီစီးပွားရေးစနစ်အားကောင်း၍ လူအများစုဆင်းရဲမွဲတေမှုအား လျစ်လျူရှုခြင်းများ၊ မငြိမ်းချမ်းသေးသော တိုင်းရင်းသားဒေသများ၏ တည်ငြိမ်အေးချမ်းမှုကို မဖော်ဆောင်ပေးနိုင်ခြင်းများ၊ စီမံခန့်ခွဲမှုအလွဲများနှင့် အဂတိလိုက်စားမှုအား ထိထိရောက်ရောက် မတိုက်ဖျက်နိုင်သေးခြင်းများ၊ မျှတသောတရားစီရင်ရေးစနစ်နှင့် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုများရှိနေခြင်း၊ ကျန်းမာရေး၊ ပညာရေးမှအစပြု၍ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရာတွင်လည်း အမှန်တကယ်လိုအပ်သည်များကို လိုအပ်သည့်ပမာဏအတိုင်း ဖြည့်ဆည်းပေးနိုင်ခြင်းများမပြုလုပ်နိုင်ပါက မယုံကြည်မှုနှင့် သံသယများကြီးထွားကာ အပြောင်းအလဲများဖော်ဆောင်ရာတွင် အခက်အခဲများနှင့်သာ ရင်ဆိုင်ရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။သာဓကအားဖြင့် ပြည်တွင်းစစ်စရိတ်များ တိုးမြင့်နေခြင်းအပါအဝင် အစိုးရအသုံးစရိတ်များပြားနေခြင်းနှင့် အစိုးရဘတ်ဂျက်လိုငွေပမာဏများပြားနေခြင်း၊ မြန်မာငွေတန်ဖိုး တောက်လျှောက်ကျဆင်းနေချိန်တွင် ပြည်ပချေးငွေများနှင့် ပွင့်လင်းမြင်သာမှုမရှိသော စီမံကိန်းများ၊ ငွေယိုပေါက်များ စနစ်တကျမဖာထေးနိုင်ခြင်းများ၏ အကျိုးဆက်မှာ နိုင်ငံ၏စီးပွားရေးကို အကျဘက်သို့ ဆွဲချနေသကဲ့သို့ ဖြစ်နေသည်ကို သတိပြုသင့်ပါသည်။ အခြေခံလုပ်ခလစာအပါအဝင် လုပ်သားထု၏အခြေခံရပိုင်ခွင့်များ ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် နိမ့်ကျနေချိန်၌ စားဝတ်နေရေးအတွက် အထွေထွေကုန်ကျစရိတ်များ ကြီးမြင့်နေခြင်းများက အနီးဆုံးဥပမာများအဖြစ် မြင်တွေ့နိုင်ပါသည်။တည်ငြိမ်သော၊ ကောင်းမွန်မှန်ကန်သော နိုင်ငံရေးစနစ်မတည်ဆောက်နိုင်ပါက စီးပွားရေးကဏ္ဍအပါအဝင် နိုင်ငံ၏ အခြားအခြားသော ကဏ္ဍများအတွက် ဆိုးကျိုးများသာသက်ရောက်၍ အဆုံးတွင် ပြည်သူများသာ ခါးစည်းခံကြရမည်ဖြစ်သည်။ သို့ပါ၍ ရှင်ငယ်ဝမ်းရော၊ ရှင်ကြီးဝမ်းပါဝင်ဖူးသော ပြည်သူလူထုအား စာနာငဲ့ညှာသင့်ပါကြောင်း၊ နိုင်ငံနှင့်ပြည်သူအတွက် ဖြစ်သင့်သည်များကို ဦးစားပေးချိန်တန်ပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent