အပြောင်းအလဲ မရှိဘဲ တိုးတက်မှု မရှိနိုင်ဘူး။ မိမိရဲ့ စိတ်ကို မပြောင်းလဲနိုင်သူတွေဟာ ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ဂျော့ဘားနက်ရှော (၁၈၅၆-၁၉၅၀)အိုင်ယာလန်သား ပြဇာတ်ရေးဆရာမပြောင်းလဲခြင်းအတွက် အကြောင်းပြချက်များစွာ ရှိသည်။ သို့သော် အပြောင်းအလဲ မရှိဘဲနှင့် မည်သို့ တိုးတက်နိုင်ပါမည်နည်း။ အပြောင်းအလဲ မရှိဘဲနှင့် မည်သို့ ကြီးပြင်းနိုင်ပါမည်နည်း။လက်ရှိအနေအထားမှ ရွေ့လျားရန် အပြောင်းအလဲ လိုအပ်သည်။ ယင်းအရွေ့သည် အလိုရှိသော လားရာအတိုင်း ရွေ့ပါက ယင်းကို တိုးတက်မှုဟု ခေါ်ဆိုသည်။ မိမိတို့၏ စိတ်ထဲမှ (သိမှုထဲမှ) အမှားများကို ထောက်ပြသည့်အခါ မိမိတို့၏ စိတ်များကို ပြောင်းလဲရေးအတွက် မိမိကိုယ်တိုင် ဆန္ဒရှိရန် လိုသည်။ မိမိတို့ အနေဖြင့် မိမိတို့၏ စိတ်များကို ပြောင်းလဲရန် ဆန္ဒမရှိပါက မည်သည့်အရာမျှ ဖြစ်လာမည် မဟုတ်ပေ။ဘားနက်ရှော၏ စကားသည် အချက်အလက်များကို စစ်ဆေးရန်နှင့် အချက်အလက်များက မိမိတို့၏ ကြိုတင်တွေးဆချက်များ သို့မဟုတ် ယုံကြည်ချက်များကို အထောက်အကူ မပြုတော့သောအခါ မိမိတို့၏ ထင်မြင်ချက်များကို ပြောင်းလဲရန်ဖြစ်သည်။ကမ္ဘာကြီးကို ပြားသည်ဟူ၍ လည်းကောင်း၊ နေသည် ကမ္ဘာကို လှည့်ပတ်သည်ဟူ၍ လည်းကောင်း ယုံကြည်ခဲ့ကြသူများသည် အခါအားလျော်စွာ မိမိတို့၏ စိတ်များကို ပြောင်းလဲခဲ့ကြရသည်။ ယင်းကဲ့သို့ အခါအားလျော်စွာပင် မပြောင်းလဲသူ ရှိခဲ့ပါသလား။ မည်သို့ပင် ဆိုစေကာမူ ကမ္ဘာကြီးသည် လုံးသည်ဟူသည့် အချက်နှင့် ကမ္ဘာသည် နေကို လှည့်ပတ်သည်ဟူသည့် အချက်များအတွက် ယနေ့ခေတ်၌ အငြင်းပွားဖွယ် မရှိတော့ပါ။လူတို့သည် အတိတ်သမိုင်းတစ်လျှောက် အကြောင်းအရာ ပေါင်းစုံကို ယုံကြည်ခဲ့ကြသူများဖြစ်သည်။ သို့သော် အချက်အလက်အရ မှားယွင်းသော အရာရာတိုင်းကို စွန့်လွှတ်ကာ ပြောင်းလဲခဲ့ကြရသည်။ ထို့ကြောင့်ပင် အခါအားလျော်စွာ တိုးတက်ခဲ့ခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနှင့် လည်းကောင်း၊ နိုင်ငံ တစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ် အနေဖြင့် လည်းကောင်း အချက်အလက်များ မှားယွင်းကြောင်း သိပါလျက် ပြောင်းလဲရန် နောက်ကျလျှင် တိုးတက်ရန်လည်း နောက်ကျမည်သာ။ လူတို့အနေဖြင့် နောက်ဆုံး ရရှိသည့် အချက်အလက်များကို စဉ်းစားလိုက်သည့်အခါ မိမိတို့၏ ယုံကြည်ချက်များနှင့် မိမိတို့၏ ဘဝများနှင့် ပတ်သက်၍ မည်သည့် အပြောင်းအလဲကို လုပ်ရမည်ကို စဉ်းစားရမည်သာ ဖြစ်သည်။ဖော်ထုတ်တွေ့ရှိကာ အတည်ပြုပြီးသော အချက်အလက် အသစ်များကို စဉ်းစားရန် ငြင်းဆန်နေပါက မိမိတို့၏ စိတ်များကို မည်သို့မည်ပုံ ပြောင်းလဲနိုင်ပါမည်နည်း။ မိမိတို့၏ စိတ်များကို ပြောင်းလဲရန် ငြင်းဆန်လိုက်သည့်အခါ မိမိတို့၏ လွဲမှားသော ထင်မှတ်ချက်များကို ကျော်လွန်လျက် မည်သို့မည်ပုံ တိုးတက်နိုင်ပါမည်နည်း။ အပြောင်းအလဲဟူသည် ကမ္ဘာ့နိယာမတရားတစ်ရပ် ဖြစ်သည်။ သဘာဝတရားဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ မပြုနိုင်ပါက နောက်ကျကျန်ရုံသာ ရှိသည်။လူတို့ အနေဖြင့် မမှန်ကန်သော တစ်စုံတစ်ရာကို ယုံကြည်နေပြီး ယင်းကို စွန့်လွှတ်ရန် ငြင်းဆန်နေပါလျှင် မည်သို့မည်ပုံ တိုးတက်နိုင်ပါမည်နည်း။ လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနှင့် ကြည့်လျှင် မိမိတို့၏ စိတ်ကို မပြောင်းလဲနိုင်ပါက မိမိတို့ ကိုယ်တိုင်၏ ရုပ်ပုံလွှာကို မည်သို့မည်ပုံ တိုးတက်အောင် ပြုလုပ်နိုင်ပါမည်နည်း။ထို့ကြောင့် ပြောင်းလဲသင့်ပါလျက် မပြောင်းလဲနိုင်သူသည် လှည်းဆွဲလာသည့် ကုန်းဆင်းနွားကဲ့သို့ အပြောင်းအလဲများ၏ ဖိကြိတ်ခြင်းကို ခံရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)








