ရန်ကုန်မြို့နေ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ရန်ကုန်မြို့တော် စည်ပင်က နေ့စဉ်ပေးဝေသော ရေကို မရရှိဟု ဆို

ရန်ကုန်မြို့နေ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ရန်ကုန်မြို့တော် စည်ပင်က နေ့စဉ်ပေးဝေသော ရေကို မရရှိဟု ဆို
Published 5 July 2015
ကျော်ထင်

ရန်ကုန်မြို့ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နေ့စဉ်ပေးဝေနေသောရေကို မရရှိကြောင်း မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတွင် ဖော်ပြချက်အရ သိရသည်။ရန်ကုန်မြို့တွင် နေ့စဉ် ရေဂါလန် သန်း ၂၀၀ ခန့် ဖြန့်ဖြူးပေးဝေနေပြီး ရေအသုံးပြုမှု အနေဖြင့် ဝင်ငွေမြင့်သည့် မိသားစုများသည် နေ့စဉ် တစ်ဦးလျှင် ဂါလန် ၃၀ ခန့်၊ ဝင်ငွေအလယ်အလတ်ရှိသည့် မိသားစုများ၏ ရေသုံးစွဲမှုမှာ နေ့စဉ် တစ်ဦးလျှင် ဂါလန် ၂၀ ခန့်၊ ဝင်ငွေနည်းသော မိသားစုများသည် လူတစ်ဦးလျှင် ၁၅ ဂါလန်ခန့် သုံးစွဲကြကြောင်း ယင်းစီမံကိန်းတွင် ဖော်ပြထားသည်။သို့ဖြစ်ရာ ရန်ကုန်မြို့၏ စီးပွားရေးဇုန် နယ်မြေများအတွင်း လူတစ်ဦးလျှင် ရေဂါလန် ၃၀ ခန့် သုံးစွဲကြပြီး စမ်းချောင်း၊ ကြည့်မြင်တိုင် စသော မြို့နယ်များတွင် လူတစ်ဦးလျှင် ၁၃ ဂါလန်ခန့်သာ သုံးစွဲကြောင်းနှင့် ရန်ကုန်မြို့၏ မြို့စွန်မြို့နယ်များဖြစ်သော ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေပေးဝေခြင်းစနစ်များ မရောက်ရှိကြောင်း ဖော်ပြချက်များအရ သိရသည်။ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုဖြစ်သော လသာမြို့နယ်တွင် အိမ်ထောင်စု ၄၄၀၀ ကျော်အနက် စည်ပင်ရေဆက်သွယ်မှုပေါင်း ၇၀၀၀ ကျော်ရှိပြီး ယင်းမြို့နယ်ရှိ အိမ်ထောင်စုတစ်စု ရေအသုံးပြုမှုမှာ ဂါလန် ၁၃၀ ကျော်ဖြစ်ကာ လူတစ်ဦး ရေဂါလန် သုံးစွဲမှု အနေဖြင့် ၂၄ ဂါလန်ဖြစ်ကြောင်း ဖော်ပြထားသည်။မြို့လယ်ပိုင်းဇုန်ဖြစ်သော ဗဟန်းမြို့နယ်တွင် အိမ်ထောင်စု ၁၇၀၀၀ ကျော်အနက် စည်ပင်ရေဆက်သွယ်မှုပေါင်း ၁၁၀၀၀ ကျော်ရှိပြီး အိမ်ထောင်စုတစ်စု ရေအသုံးပြုမှုမှာ ဂါလန် ၁၆၀ ကျော်ဖြစ်ကာ လူတစ်ဦး ရေဂါလန်သုံးစွဲမှု အနေဖြင့် ဂါလန် ၃၀ ကျော်ဖြစ်ကြောင်း သိရသည်။ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်တွင်မူ အိမ်ထောင်စု ၃၀၀၀၀ ကျော်အနက် စည်ပင်ရေဆက်သွယ်မှု ၂၅၀၀ ကျော်သာရှိပြီး အိမ်ထောင်စုတစ်စု ရေသုံးစွဲမှု အနေဖြင့် ၂၇ ဂါလန်သာ လူတစ်ဦး ရေသုံးစွဲမှု အနေဖြင့် ငါးဂါလန်သာရှိကြောင်း သိရသည်။ရန်ကုန်အရှေ့တောင်ပိုင်းဇုန်ဖြစ်သော သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်ထောင်စု ၄၀၀၀၀ ကျော်အနက် စည်ပင်ရေဆက်သွယ်မှု ၁၆၀၀၀ ကျော်သာရှိပြီး အိမ်ထောင်စုတစ်စု ရေသုံးစွဲမှု အနေဖြင့် ဂါလန် ၆၀ ကျော်ရှိကာ လူတစ်ဦး ရေသုံးစွဲမှု အနေဖြင့် ၁၃ ဂါလန်ရှိကြောင်း သိရသည်။ဒဂုံမြို့သစ်လေးမြို့နယ်အနက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အိမ်ထောင်စု ၃၀၀၀၀ ကျော်အနက် စည်ပင်ရေဆက်သွယ်မှု လုံးဝမရှိကြောင်းနှင့် စည်ပင်ရေပေးဝေမှုလည်း မရှိကြောင်း ဖော်ပြထားချက်အရ သိရသည်။ယခုအခါ ဒဂုံမြို့သစ်လေးမြို့နယ် အပါအဝင် သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံနှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့အထိ ရေပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော်နေရာ လာမည့် ၂၀၁၈ တွင် ဒဂုံမြို့သစ် မြို့နယ်များနှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့ကို ရေပေးဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။ရန်ကုန်မြို့တွင် လက်ရှိ ရေဂါလန် ၂၀၅ သန်း ပေးဝေနေပြီး ရေဖူလုံမှု မရှိသေးခြင်းကြောင့် လဂွန်းပြင် စီမံကိန်း၊ ကုက္ကို၀ မြစ်ရေတင် စီမံကိန်း အသစ်များကို အကောင်အထည်ဖော်ကာ ရေလိုအပ်မှုကို ဖြည့်ဆည်းရန် ကြိုးပမ်းနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

Most Read

Most Recent