ဖုန်းပြောခ တစ်မိနစ် ၂၀၊ ၂၅ ကျပ် ၊ အနိမ့်ဆုံးလုပ်ခလစာ တစ်မိနစ် ၇ ကျပ် ပြား ၅၀

ဖုန်းပြောခ တစ်မိနစ် ၂၀၊ ၂၅ ကျပ် ၊ အနိမ့်ဆုံးလုပ်ခလစာ တစ်မိနစ် ၇ ကျပ် ပြား ၅၀
Published 4 July 2015

အလုပ်သမားများ၏ အခြေခံလစာနှုန်းထား သတ်မှတ်နိုင်ရေးအတွက် တောင်းဆိုမှုများ၊ လှုပ်ရှားမှုများမှသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် စစ်တမ်းများကောက်ယူခြင်းအထိ လုပ်ဆောင်ခဲ့ကြပြီး နောက်ဆုံးတွင် တစ်ရက် လုပ်ခလစာနှုန်းထားကို သတ်မှတ်နိုင်ခဲ့ပြီဖြစ်သည်။ တစ်ရက်လျှင် အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
 
သို့သော် ယင်းကဲ့သို့ သတ်မှတ်ခဲ့မှုအပေါ် လက်မခံနိုင်သောကြောင့် ယင်းသတ်မှတ်ချက်အတိုင်းသာ လုပ်ခလစာပေးရမည်ဆိုပါက လာမည့် စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ နေရပ်ပြန်ကြမည်ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များက ခြိမ်းခြောက်သည့်သဘော ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအသင်းက အစိုးရ၏ အခြေခံလစာနှုန်းထား တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုအပေါ် သဘောမတူကြောင်း အဆိုပြုစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။
 
“ကျွနု်ပ်တို့ (ပြည်မကြီး တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်) မှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှု အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသည် လူထုများပြားခြင်း၊ တတိယမြောက်နိုင်ငံသို့ ပို့ကုန်တင်ပို့လျှင် အခွန်ကင်းလွတ်ခြင်း အကြောင်းရင်းကြောင့် ဖြစ်ပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူနှင့် မြန်မာနိုင်ငံသားများ အလုပ်ရရှိရေး နှစ်ဦးနှစ်ဖက် အကျိုးရှိခြင်းတစ်ရပ်ကို အခြေခံပြု၍ လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဇွန် ၂၉ ရက်က အစိုးရမှထုတ်ပြန်သော အလုပ်သမား အခြေခံအနိမ့်ဆုံးလစာမှာ တစ်ရက်လျှင် ကျပ် ၃၆၀၀ ကို သိရသောအချိန်တွင် လန့်ဖျပ်ခဲ့ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
 
အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ လုပ်ကိုင်နိုင်သော၊ လုပ်သာကိုင်သာရှိသော အနေအထားမျိုးဖြစ်ရန် လိုအပ်သည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် အဘက်ဘက်က နိမ့်ကျ၍ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသလို ဘဝရပ်တည်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြရသော အခြေခံလုပ်သားအများစု၏ ဘဝကို စာနာသင့်ပါသည်။ မည်သည့်အကြောင်းပြချက်နှင့်မျှ လျစ်လျူမရှုသင့်ပါ။ အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မလိုလားအပ်သော နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရန် စောင့်ကြည့် ထိန်းကျောင်းသင့်ပါသည်။ စက်တင်ဘာလတွင် စက်ရုံများ ရပ်ဆိုင်းမည်ဟု ဆိုလာသော ကိုရီးယားနှင့် တရုတ်အထည်ချုပ်စက်ရုံပမာဏသည် မြန်မာနိုင်ငံတွင် ၉၀ ကျော်ခန့်ရှိနေပြီး လုပ်သား နှစ်သိန်းခန့်မှာ အဆိုပါလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။
 
တစ်ရက်လျှင် အခြေခံလုပ်ခလစာ အနည်းဆုံး ကျပ် ၃၆၀၀ သတ်မှတ်မှုအတွက် အထည်ချုပ်လုပ်ငန်းရှင်များက သဘောမတူကြခြင်း ဖြစ်သည်။ ထိုပမာဏသာရရှိနိုင်မည့် လုပ်သားများဘက်မှလည်း လက်ရှိ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုနှင့် နှိုင်းယှဉ်၍ ပြောစရာများစွာရှိနေသည်။ အလုပ်ရှင်များဘက်မှလည်း ၎င်းတို့ မကိုက်ကြောင်း ညည်းတွားစရာများ ရှိနေနိုင်ပါသည်။ ထို့အတွက် ယခုရက်ပိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော တွက်ချက်မှုတစ်ခုဖြင့်သာ ချိန်ဆကြည့်ကြစေချင်ပါသည်။
 
အဆိုပါတွက်ချက်မှုတွင် တစ်ရက် အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ ကို ပုံမှန် အလုပ်ချိန် ရှစ်နာရီနှင့်ဆိုပါက တစ်မိနစ်လုပ်ခမှာ ၇ ကျပ် ပြား ၅၀ ဖြစ်ကြောင်း တွက်ပြထားခြင်းဖြစ်ပြီး လက်ရှိ ဖုန်းပြောခနှုန်းများ၏ အနည်းဆုံးပမာဏ တစ်မိနစ် ကျပ် ၂၀၊ ၂၅ ကျပ်များနှင့် နှိုင်းယှဉ်ပေးထားခြင်း ဖြစ်သည်။
 
သို့ပါ၍ ဖုန်းတစ်မိနစ်ပြော၍ ပြည်သူများပေးဆောင်ရသော ငွေပမာဏ၏ သုံးပုံတစ်ပုံမျှသာရှိသော အခြေခံလုပ်ခလစာအရေးအတွက် သက်ဆိုင်သူများအားလုံး စာနာစိတ်ဖြင့် ကူညီဖြေရှင်းပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
 
(ဇူလိုင်လ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent