ပြိုင်ဘက်တရုတ် အင်အားကြီးထွားလာနေသည့် ဒေသတွင်းတွင် ဂျပန်က သူ၏အခြေခံအဆောက်အအုံပစ္စည်းများတင်ပို့မှုကို တွန်းအားပေးရန်နှင့် သြဇာအာဏာထူထောင်ရန်အတွက် မဲခေါင်ငါးနိုင်ငံမှ ခေါင်းဆောင်များအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မဲခေါင်ငါးနိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဝန်ကြီးချုပ်များကို တွေ့ဆုံမည်ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများဖြစ်သော အဆိုပါငါးနိုင်ငံသည် စီးပွားရေး အလျင်အမြန်ကြီးထွားလာနေပြီး ဇူလိုင် ၄ ရက်တွင် တိုကျိုမြို့၌ပြုလုပ်မည့် ဂျပန်-မဲခေါင် သတ္တမအကြိမ်မြောက် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။ပင်မအစည်းအဝေးကို နံနက်ပိုင်းတွင်ပြုလုပ်မည်ဖြစ်ပြီး ယင်းနောက် နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများ၌ အရည်အသွေးမြင့်အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးလာရေးနှင့် ဂျပန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအတွက် မဟာဗျူဟာအသစ်များ ချမှတ်ရေးအပေါ် အဓိကထားဆွေးနွေးသွားမည်ဟု ဂျပန်အစိုးရအဖွဲ့မှ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ အစိုးရအတွင်းရေးမှူးအဖွဲ့အကြီးအကဲ ယိုရှီဟီဒေးဆူဂါက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။အာဘေးသည် ဂျပန်နိုင်ငံ၏ ပြည်ပရပ်တည်ချက်နှင့် စီးပွားရေးကိုမြှင့်တင်ရန် အဓိကအချက်တစ်ချက်အဖြစ် အဝေးပြေးလမ်းများ၊ ရထားစနစ်များနှင့် လျှပ်စစ်ဓာတ်အားပေးရုံများနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံပစ္စည်းများကို ကမ္ဘာတစ်လွှား၌ ရောင်းချရန်အတွက် နှစ်ဆတိုးအားထုတ်ခဲ့သည်။ "ဂျပန်ဟာ အစဉ်အလာအရ မဲခေါင်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ပါတယ်။ ဂျပန်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အဲဒီဆက်ဆံရေးဟာ အရေးကြီးတဲ့ရည်မှန်းချက်တွေ ဖြစ်နေတုန်းပါပဲ" ဟု နီဂါတာခရိုင်တက္ကသိုလ်မှ ပါမောက္ခယိုရှီနိုဘူယာမာမိုတိုက ပြောကြားခဲ့သည်။ဂျပန်ကုမ္ပဏီသုံးခုသည် ဘန်ကောက်နှင့် အနီးအနားရှိ ဆင်ခြေဖုံးများဆက်သွယ်သည့် မီးရထားစနစ်အတွက် ဘတ်ငွေ ၃၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၄၇ သန်း) တန်ဖိုးရှိ သဘောတူညီချက်ရရှိထားပြီးပြီဟု Nikkei business daily သတင်းစာကဖော်ပြခဲ့သည်။ ယင်းအစီအစဉ်အရ Sumitomo ကုမ္ပဏီက စီမံချက်ကို ကြီးကြပ်မည်ဖြစ်ပြီး ဟီတာရှီကုမ္ပဏီက ကားရထား ၁၃၀ စင်း၊ မစ်ဆူဘီရှီကုမ္ပဏီက အချက်ပြစနစ်များနှင့် ထရန်စဖော်မာများ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုများတွင် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများပါဝင်ခဲ့သည်။ အင်အားကြီးထွားလာသော တရုတ်တို့က မဟာဗျူဟာအရ အရေးပါသောဒေသတွင်းတွင် လွှမ်းမိုးကြီးစိုးရန် ကြိုးပမ်းလာမှုကို အင်အားချိန်ခွင်လျှာပြန်ညှိရန်အတွက် အမေရိကန်ကကြိုးပမ်းလာသည်။ ယင်းကဲ့သို့ ဒေသတွင်း၌ တရုတ်နှင့် အမေရိကန်အားပြိုင်မှုတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း၌ အရေးပါသောနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်နေသည်။ ယခုအခါ စီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံကလည်း မဲခေါင်ဒေသ၌ စီးပွားရေးအရ တရုတ်၏လွှမ်းမိုးမှုကို တုံ့ပြန်ရန်အတွက် မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ကြိုးပမ်းလာသည်။ မြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံ၌လည်း အရေးပါသောနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေသည်။ထို့ကြောင့် အရှေ့တောင်အာရှဒေသတွင်း၌လည်းကောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်း၌လည်းကောင်း တရုတ်၏လွှမ်းမိုးမှုကို သတိပြုလျက် မှန်ကန်သော နိုင်ငံရေးနှင့် စီးပွားရေးဗျူဟာ ချမှတ်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇူလိုင်လ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)








